Friday, January 1, 2016

ကွန်ပျူတာ နှင့် စာပွဲမှာ အထိုင်များ သူများအတွက် လွယ်ကူသော လေးမိနစ် ကိုယ်လက် လှုပ်ရှားမှု လေကျင့်ခန်း

အဆင့် (၁)
==============
 မိမိကွန်ပျူတာရှေ့မှာ ထိုင်နေရင်း ခါးကို တည့်တည့်မတ်မတ် ထားကာ  
လက်နှစ်ဘက်ကို တစ်ချောင်းနှင့် တစ်ချောင်းယှက်ကာ လက်ဖ၀ါးကို ပြောင်းပြန်လုပ်ကာ မျက်နှာမူရာ ရှေ့တည့်တည်ကို တွန်းထုတ်ပါ။
 ထိုနည်းအတိုင်း အနည်းဆုံး ၁၀ စက္ကန့်မှ ၂၀ စက္ကန့်အထိ နှစ်ကြိမ်လုပ်ပါ။

အဆင့် (၂)
==============
 ကိုယ်ကို မက်တပ်ရပ်အနေအထားဖြင့် အဆင့်(၁)ပါနည်းအတိုင်း လက်ကိုယှက်ကာ
အပေါ်အောက် အတင်အချလုပ်ပါ။ ထိုနည်းအတိုင်း အနည်းဆုံး ၁၀ စက္ကန့်မှ ၁၅ စက္ကန့် ခန့် လုပ်ပေးပါ။

အဆင့် (၃)
==============
 - ခြေထောက်ကို အဆင်ပြေသော အနေအထားသို့ ခွဲထားပါ။ ထိုနောက် လက်နောက်ပစ်ကာ တစ်ဘက်လက်ဖ၀ါးကို အခြားဘက်လက် တစ်ထောင်ဆစ်အထိ ထိအောင် လုပ်ကာ အဆင့် ( ၃ ) တွင် ပါသည့်နည်း အတိုင်း ဘေးတိုက်တစ်ဘောင်း အနေအထားဖြင့် ဆွဲပါ။ ဘယ် ၊ ညာ နှစ်ဘက် စလုံးကို အနည်းဆုံး ၈ စက္ကန့် မှ ၁၀ စက္ကန့်အထိ လုပ်ပါ။

အဆင့် (၄)
==============
အဆင့် (၂) ပါနည်းအတိုင်း တစ်ကြိမ် ထပ်မံပြုလုပ်ပေးပါ။

အဆင့် (၅)
==============
 လက်နှစ်ဘက်ကို သင့်တင့်သော အနေအထားအတိုင်း ဘေးသို့ ချထားကာ မိမိ၏ ဘယ် ၊ ညာ ပခုံးနှစ်ဘက်ကို အပေါ်သို့ အတင်အကျလုပ်ပါ။ အဆိုပါ နည်းအတိုင်း ၃ စက္ကန့် မှ ၃ စက္ကန့် အထိ အရေအတွက် မသတ်မှတ်ပဲ မိမိအဆင်ပြေသည့် ပုံစံဖြင့် လုပ်ပါ။

အဆင့် (၆)
==============
 မတ်တပ်ရပ်အနေအထားမှ လက်နှစ်ဘက်ကို နောက်ဘက် တင်ပါးပေါ်သို့ တင်ကာ တစ်ဘက်လက်မှ အခြားတစ်ဘက်ကို ဆွဲထားကာ ဦးခေါင်းကို ပုံပါနည်းအတိုင်း ဆွဲတင်ပါ။ ဇာတ်ကြောများ ပျော့ပြောင်းစေရန် ဖြစ်ပါတယ်။ ယခုနည်းအတိုင်း ၁၀ စက္ကန့် မှ ၁၂ စက္ကန့် အထိ လုပ်ပေးပါ။

အဆင့် (၇)
==============
လက်ကို ရင်ညွှန့်ရှေ့သို့ လက်အုပ်ချီလျှက် ပုံစံအတိုင်းထားကာ အဆိုပါပုံစံအတိုင်း အောက်ဘက်သို့ ဖိချပါ။ တစ်နည်း တက်နိုင်သမျှ အောက်သို့ ရောက်အောင် လုပ်ပါ။ အဆိုပါ နည်းအတိုင်း ၁၀ စက္ကန့်လုပ်ပါ။

အဆင့် (၈)
==============
အဆင့် (၇) ပါပုံစံအတိုင်း လက်ကို ထားကာ လက်ချောင်းလေးများကို ၉၀ ဒီဂရီအတိုင်း ရှေ့သို့ လှည့်ပါ။ လက်ဖမိုးအစုံကို နေရာမရွေ့ရပါ။ ထိုနည်းအတိုင်း ၁၀ စက္ကန့် လုပ်ပါ။

အဆင့် (၉)
==============
ကုလားထိုင်ပေါ်မှာ မတ်မတ်ထိုင်ရင်း လက်တစ်ဘက်ကို အောက်သို့ ချလျှက် ၊ အခြားတစ်ဘက်ကို အပေါ်သို့ တင်လျှက် နည်းဖြင့် တစ်ဘက်စီကို အပြန်အလှန် ၈ စက္ကန့်မှ ၁၀ စက္ကန့်အကြာ လုပ်ပါ။

အဆင့် (၁၀)
==============
ထိုင်ခုံပေါ် မတ်မတ်ထိုင်းရင် တစ်ဘက်ပေါင်ပေါ် တစ်ဘက်ခြေကို (တင်ရင်း တစ်ပေါင်ပေါ် တစ်ပေါင်ဆင့်) ဆန့်ကျင်ဘက် လက်တစ်ဘက်က ဆန့်ကျင်ဘက် ပေါင်ပေါ်က ဒူးခေါင်းကို ကိုင်ကာ ခါးအပါအ၀င် လက်တွေကို အနောက်ဘက်သို့ လှည့်ပါ။ ထိုနည်းအတိုင်း ဘယ်ညာသို့ တစ်လှည့်စီလုပ်ပါ။ အချိန် ၈ စက္ကန့် မှ ၁၀ စက္ကန့်အထိ လုပ်ပါ။

အဆင့် (၁၁)
==============
ခါးနောက်ဘက်ကို လက်နှစ်ဘက်ကို ထောက်နှင့် ခါးကို လက်ဖြင့်တွန်းကာ ရှေ့သို့ တွန်းထုတ်ပါ။
 (တစ်နည်း ရင်ကော့ပါ) ၊ ထိုနည်း အတိုင်း ၁၀ စက္ကန့်မှ ၁၅ စက္ကန့် ခန့် လုပ်ပါ။

အဆင့် (၁၂)
==============
မတ်တပ်ရပ် အခြေအထားဖြင့် လက်ချောင်းလေးများ အကြော ပြေ စေရန်အတွက် လက်ဖျားလေးများကို ခက်ဆက်ဆက်လေး ခါပေးပါ။ ထိုနည်းအတိုင်း ၈ စက္ကန့်မှ ၁၀ စက္ကန့် လုပ်ပါ။

Ref : rockcreeksportsclub
|───────────Yangon Media Group ──────────|
www.facebook.com/YangonMediaGroup
www.yangonmedia.com
|───────────Yangon Media Group ──────────|

Monday, December 21, 2015

အကြီးလား၊ အလတ်လား၊ အငယ်လား





စိတ်ပညာရှင်တွေရဲ့ လေ့လာချက် အရ မွေးချင်းထဲမှာ သင်က နံပါတ် ဘယ်လောက်လဲ ဆိုတာပေါ် မူတည်ပြီး သင်က ဘယ်လို လူမျိုးလဲ ဆိုတာနဲ့ ဘဝကို ဘယ်လို နေထိုင်သွားသလဲ ဆိုတာ ကွဲပြားနေပါတယ်။
မောင်နှမတွေထဲမှာ အကြီးဆုံး၊ အငယ်ဆုံး၊ အလတ်တို့ဟာ တစ်မိဘထဲက မွေးတာတောင် စိတ်နေ စိတ်ထားက မွေးဖွားတဲ့ အစီအစဉ် အလိုက် တစ်ယောက်နဲ့ တစ်ယောက် ကွဲပြား ခြားနား နေတတ်ကြပါတယ်။ ကလေးတွေရဲ့ စိတ်နေစိတ်ထားနဲ့ အပြုအမူတွေက မိဘ မျိုးရိုးဗီဇ အပေါ် မူတည်နေသလို မိဘရဲ့ ပြုစု ပျိုးထောင်မှု၊ အပြုအမူ၊ ပတ်ဝန်းကျင်၊ သူငယ်ချင်း အပေါင်းအသင်းနဲ့ မီဒီယာတို့ အပေါ်လည်း မူတည်နေပါတယ်။ အောက်ပါတို့ကတော့ မွေးချင်းအလိုက် အကြီးဆုံး၊ အလတ်နဲ့ အငယ်ဆုံး တို့ရဲ့ စိတ်နေစိတ်ထားနဲ့ ဘဝကို ရှုမြင်ပုံ တို့ကို ဖော်ပြထားခြင်း ဖြစ်ပါတယ်။
~ အကြီးဆုံး ~
ရှေးရိုးစွဲ
အကြီးဆုံးတွေဟာ သားဦး၊ သမီးဦး ဖြစ်တဲ့ အလျောက် မိဘတွေက တုန်နေအောင် ချစ်ကာ ဖူးဖူးမှုတ်ထားတတ်ကြ ပါတယ်။ အာရုံစိုက်မှု၊ ဦးစားပေးမှုကို ခံရတဲ့ နည်းတူ မျှော်လင့်ချက် ကြီးမားစွာ ထားခံရမှုကြောင့် ဖိအားဒဏ် ခံရပါတယ်။ မိဘတွေ မျှော်လင့်ထားတဲ့ စံရောက်အောင် ကြိုးစားရမှုကြောင့်လည်း မိဘစကား နားထောင်သူများ၊ ရည်မှန်းချက် ကြီးသူများ၊ အလုပ်ကို အသေးစိတ် စေ့စပ် သေချာစွာ လုပ်သူများ ဖြစ်တတ်ကြပါတယ်။ မိဘကို စံထားကာ ကြိုးစားတတ်ပြီး စိုးရိမ်စိတ် ကြီးတဲ့ သတိကြီးတဲ့ ရှေးရိုးစွဲ ဝါဒီတွေလည်း ဖြစ်တတ်ကြပါတယ်။
မနာလိုစိုးရိမ်
အစ်ကိုကြီး အဖရာ၊ အစ်မကြီး အမိရာ ဆိုတဲ့ စကားအတိုင်း အကြီးဆုံးတွေက မောင်နှမတွေထဲမှာ မိဘလို စံနမူနာ ထားစရာ ပုဂ္ဂိုလ်တွေလို ဖြစ်နေပါတယ်။ ဒါကြောင့်လည်း သူတို့က ဆရာကြီးဆန် နေကြတာပါ။ ပြီးတော့ သူတို့က ကြောက်တတ် စိုးရိမ်တတ်ပါသေးတယ်။ ဘာကြောင့်လဲ ဆိုတော့ ခုမှ မိဘ ဖြစ်ခါစ မိဘတွေဟာ သူတို့ရဲ့ သားဦးတွေ အပေါ် အစိုးရိမ်လွန်၊ ဂရုစိုက်လွန်တာကြောင့်ပါ။ ဖူးဖူးမှုတ် ခံနေရာကနေ နောက်ထပ် ကလေး ရလာရင် ထိုကလေးအပေါ် ဂရုစိုက်မှုတွေ ပြောင်းသွားတာကြောင့် မိဘတွေ အာရုံစိုက်မှုကို ဆုံးရှုံးရတဲ့ အပေါ်မှာလည်း သူတို့က မနာလိုတတ်ကြပါတယ်။
ဉာဏ်ကောင်း
စိတ်ပညာရှင် တချို့ရဲ့ အဆိုအရ အကြီးဆုံး ကလေးတွေရဲ့ ဉာဏ်ရည် ဉာဏ်သွေး IQ က အငယ်တွေထက် ပိုသာကြောင်း သိရပါတယ်။ မွေးချင်း အစဉ်လိုက်မှာ ရှေ့ရောက်လေလေ IQ မြင့်လေလေ ဖြစ်ပါတယ်။ ဥပမာ- မွေးချင်း လေးယောက် ရှိရင် အကြီးဆုံးရဲ့ IQ က အငယ်ဆုံးထက် လေးမှတ်လောက် သာနေမှာပါ။ အကြီးဆုံးတွေက ဉာဏ်လည်းကောင်း၊ အလုပ်လည်း ကြိုးစားတာကြောင့် အောင်မြင်သူတွေ ဖြစ်တတ်ကြပါတယ်။ တစ်ဦးတည်းသော ကလေးကတော့ အောင်မြင်တဲ့ အကြီးဆုံးတွေနဲ့ မတူဘဲ အောင်မြင်တဲ့ သူဌေး ဖြစ်နိုင်ခြေ နည်းတာကိုလည်း သတိထားမိပါတယ်။ ဘာကြောင့်လဲ ဆိုတော့ တစ်ဦးတည်းသော ကလေးဟာ သူနဲ့ ပြိုင်ရမယ့် မောင်နှမ မရှိတာကြောင့် အောင်မြင်ဖို့ တွန်းအား မရှိလို့ပဲ ဖြစ်ပါတယ်။
စေ့စပ် သေချာတဲ့ အလုပ်
အကြီးဆုံးတွေဟာ စေ့စပ် သေချာသူတွေ ဖြစ်လို့ အလုပ် လုပ်တဲ့အခါ အသေးစိတ် လုပ်ရပြီး စည်းကမ်း ရှိဖို့လိုတဲ့ အလုပ်အကိုင်တွေ ဖြစ်တဲ့ ငွေစာရင်းကိုင်၊ အင်ဂျင်နီယာ၊ IT ပညာရှင် စတာတွေနဲ့ သင့်တော်ပါတယ်။ ကိုယ်ပိုင် အလုပ် လုပ်ကိုင်ရင်လည်း အောင်မြင်မယ့် သူတွေပါ။
______________________________
~ အလတ် ~
ကြားညပ်
အလတ်တွေဟာ မိသားစု တစ်ခုမှာ ကြားညပ်နေတတ်ကြပြီး တော်ရုံတန်ရုံ သိပ်ပြီး သတိထား မခံရပါဘူး။ အကြီးဆုံးကို ဦးစားပေးရသလို အငယ်ကိုလည်း အလိုလိုက် ရတာကြောင့် အလတ်တွေဟာ သည်းခံတတ်ကြပါတယ်။ ကိုယ့်အာရုံနဲ့ကိုယ် ဘာသိဘာသာလည်း နေတတ်ကြပါတယ်။
ပေါင်းသင်း ဆက်ဆံတတ်
အနေအေးတယ် ဆိုပေမယ့် ပေါင်းသင်း ဆက်ဆံရေးမှာတော့ အလတ်တွေက အတော်ကို ကျွမ်းကျင်ကြပါတယ်။ အကြီးလို သြဇာပြလို့ မရသလို အငယ်လို ချွဲလို့လည်း မရတာကြောင့် သူတို့ လိုချင်တာ ရဖို့ စေ့စပ် ညှိနှိုင်းခြင်း၊ ဆွေးနွေး တိုင်ပင်ခြင်း၊ မဟာမိတ်ဖွဲ့ခြင်း စတဲ့ နည်းဗျူဟာတွေ သုံးတတ်ကြပါတယ်။ မိသားစု ရန်ပွဲတွေမှာလည်း သူတို့က ဖျန်ဖြေရေး သမားတွေပါ။ နောက်ပြီး မိသားစုဝင်တွေရဲ့ ခံစားချက်ကို ရင်ဖွင့်ရာ ဟစ်တိုင်ကြီးလည်း ဖြစ်နေတတ်ပါတယ်။ အလတ် ဖြစ်တဲ့အလျောက် အလယ်အလတ် လမ်းစဉ်ကိုသာ လိုက်ကာ အစွန်း မရောက်တတ်ကြပါဘူး။ အရာရာကို ချင့်ချိန် တတ်ကြပါတယ်။
မိတ်ဆွေ အပေါင်းအသင်း
သူငယ်ချင်း အပေါင်းအသင်းတွေကတော့ အလတ်တွေ အတွက် အရမ်းကို အရေးပါ ပါတယ်။ မိသားစုနဲ့ မောင်နှမတွေဆီက မရတဲ့ အာရုံစိုက်ခံရမှုနဲ့ အသိအမှတ်ပြု ခံရမှု တို့ကို ချစ်သူနဲ့ သူငယ်ချင်းတွေ ဆီကနေ ရတတ်တာကြောင့်ပါ။ ချစ်သူနဲ့ သူငယ်ချင်းတွေ အပေါ် အရမ်းလည်း သစ္စာ ရှိကြပါတယ်။ အပေါင်းအသင်းကလည်းမင် ဆက်ဆံရေးကလည်း ကောင်းဆိုတော့ လူချစ်လူခင် များတတ် ပါတယ်။
နိုင်ငံရေးသမား
စကားပြော အတတ်ပညာနဲ့ စေ့စပ် ညှိနှိုင်းရေး ပညာတို့ကို ကျွမ်းကျင်တာကြောင့် နိုင်ငံရေး လုပ်ရင်တော့ အောင်မြင်မယ့်သူပါ။ စိတ်ပညာရှင်တွေရဲ့ လေ့လာချက် အရ အလတ်တွေဟာ ဝန်ကြီးချုပ် ဖြစ်နိုင်ခြေ အများဆုံး ရှိသူတွေလို့ တွေ့ရပါတယ်။
______________________________
~ အငယ်ဆုံး ~
ရဲရင့်စွန့်စား
အငယ်ဆုံး ကလေးတွေဟာ တစ်မိသားစုလုံးရဲ့ အချစ်ဆုံးလေးတွေ ဖြစ်ကြသလို အသွက်ဆုံး၊ အထက်ဆုံး၊ အရဲဆုံးလေးတွေလည်း ဖြစ်ကြပါတယ်။ ကိုယ်ထင်ရာ ကိုယ်လုပ်တတ်ကြကာ မိသားစု အစဉ်အလာ ကနေ ထိုးဖောက်ခွဲထွက်ဖို့ ဝန်မလေးကြသူတွေလည်း ဖြစ်ပါတယ်။ အရဲစွန့်ရတဲ့ အလုပ်တွေကို နှစ်သက်ကြပါတယ်။ ဒါကြောင့်လည်း အားကစားမှာ ဆိုရင် စွန့်စားရတဲ့ အားကစားတွေ ဖြစ်တဲ့ လေထီးခုန်ခြင်း၊ ရေလွှာလျှောစီးခြင်း တို့ကို စမ်းလုပ်ချင်ကြတာပါ။ ဆန့်ကျင်ဘက် ဖြစ်တဲ့ ရှေးရိုးစွဲ အကြီးဆုံး တွေကတော့ ဂေါက်ရိုက်ခြင်း၊ ရေကူးခြင်းလို အားကစားတွေကိုသာ လုပ်ကြပါတယ်။ စွန့်စားရဲသူတွေ ဖြစ်တာကြောင့်လည်း ကမ္ဘာ့ စွန့်ဦး တီထွင်သူတွေ၊ ရှာဖွေ တွေ့ရှိသူတွေ အများစုက အငယ်ဆုံး မွေးချင်းတွေ ဖြစ်နေတာပဲ ဖြစ်ပါတယ်။
ပေါ့ပေါ့ပါးပါး
အငယ်ဆုံးလေးတွေဟာ ကိစ္စရပ် အများစုမှာ အသက်အရွယ်၊ အင်အား၊ ကိုယ်လုံးကိုယ်ထည် ကွာဟမှု တို့ကြောင့် အကြီးတွေနဲ့ မယှဉ်နိုင်ကာ အနိုင် မရနိုင်ကြောင်း သိထားကြပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်လည်း ထိပ်ဆုံးမှာ မရောက်တဲ့ အတွက် ဘာမှ မခံစားရသလို ဖိအားလည်း မများပါဘူး။ စိတ်သက်သက်သာသာနဲ့ ပေါ့ပေါ့ပါးပါးပဲ သဘောထားတတ်ကြပါတယ်။ ပြိုင်ဆိုင်လိုစိတ်၊ အနိုင်ရလိုစိတ် သိပ်မများကြပါဘူး။
ကြင်နာတတ်
အငယ်ဆုံးတွေဟာ အိမ်မှာ သူတို့ထက် ငယ်တဲ့သူတွေ မရှိတာကြောင့် သူတို့ သနားရမယ့်သူ၊ ကရုဏာ ထားရမယ့်သူ မိသားစုမှာ ရှိမနေပါဘူး။ ဒါကြောင့်လည်း အငယ်ဆုံး ကလေးတွေဟာ သူတို့ ကြင်နာလို့ရတဲ့ အရုပ်လေးတွေ၊ အိမ်မွေး တိရစ္ဆာန်လေးတွေကို အရမ်း ချစ်တတ်ကြတာပါ။ အငယ်ဆုံးတွေဟာ စိတ်ထား နူးညံ့ပြီး စေတနာကောင်းကာ ကရုဏာ ထားတတ်ကြသူများ ဖြစ်ပါတယ်။ ဘာသာရေး ကိုင်းရှိုင်းပြီး အလှူအတန်းလည်း ရက်ရောကြပါတယ်။
သရုပ်ဆောင်ပိုင်နိုင်
သွက်လက် ရဲတင်းသလို စိတ်ခံစားမှု ပြင်းထန်ကာ စိတ်ကူးယဉ်တတ်တာကြောင့်လား မသိ။ အငယ်ဆုံးတွေဟာ ရုပ်ရှင် သရုပ်ဆောင် လောကမှာ နေရာ ရနေကြတာ တွေ့ရပါတယ်။ ဂျူလီယာရောဘတ်နဲ့ ရိစ်ဝီသာစပွန်း တို့လို အော်စကာ သရုပ်ဆောင် မင်းသမီးတွေက အငယ်ဆုံးတွေပါ။
Written by Good Health
ပုံ ~ ရိုးရာလေး

Tuesday, December 8, 2015

ရာဇာဝင်ထဲက သတို့သမီး သို့ စောမွန်လှ


မောဘုရင် စ၀်ဖှလုံဟိုမိန်း နှင့် စယ်လန့်မင်းသမီးလေး အကြောင်းပါလို့ ပေါင်းဖက်ရာက အမွာပူးမောင်နှမ နှစ်ယောက်ကို မွေးဖွား လာခဲ့ပါသည်။ စောမွန်းလှသည် အကြီးဖြစ်ပြီး မောင်တော် ခွန်ကော်လန်းသည် ငယ်ဖြစ်သည်။
စောမွန်လှကို မွေးဖွားချိန်၌ မိန်းမောလုံ နန်းတွင်းမှာ ရှိသည့် စစ်လက်နက် ပစ္စည်းများအားလုံးတို့သည် အရောင်ဖြိုးဖြိုး ဖြောက်ဖြောက်များ လင်းလက်ပြီး လုပ်ရှားခါရမ်း နေခြင်းဖြစ်သည်။ (ထိုသို့ဖြစ်ခြင်းကို သျှမ်းဘာသာအရ လတ်လှိုင်း တယ်လို့ခေါ်ဆိုပါသည် ဓိပ္ဗါယ်ကတော့ ထူးဆန်းတဲ့ဖြစ်ရပ်၊ ) ထို့ကြောင့် သမီးတော်လေးအား စ၀်မိန်းလတ် ဟုခေါ်တွင်ခဲ့ရာ အချို့က စ၀်မွန်းလတ် ဟုခေါ်ဆိုခဲ့ကြပါသည်။ မြန်မာလို ပြန်ဆိုရေးသားရာမှ စောမွန်လှ ခေါ်ဆိုရေးသားခဲ့ခြင်းဖြစ်သည်။ (မယ့်ခူး ခေးရှဲန်)
AD- 1044-1077 မြန်မာသက္ကရာဇ် (၄၀၆-၄၃၉) ပုဂံမင်း ၅၅-ဆက်တွင်၊ ပထမ မြန်မာနိုင်ငံကို တည်ထောင်သည်ဟု အဆိုရှိသော အနိရုဒ ခေါ် အနော်ရထာမင်း နန်းတက် လေသည်။ ထိုအနော်ရထာ မင်းလက်ထက်တွင် လူစွမ်းကောင်း များ ပေါ်ပေါက် ခဲ့သည်။ ပထမ ၄-ဦးမှာ ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး တို့ဖြစ်ကြသည်။
ငထွေရူး- မြင်းမူအရပ်သား ထန်းတက်သမားဖြစ်သည်။ထန်းပင် အပင် တထေါင်ကို တက်ခါဆင်း ခါလှီးသည်မှာ တနံနက်အချိန်မှီ ပြီးသောသူ ဖြစ်သည်ဆိုပါသည်။
ငလုံးလက်ဖယ်- ပုပ္ပါးအရပ်သား၊ နွားအရှဉ်း သုံးဆယ်ကို ထွန်၌တပ်၍ ထွန်ရေးမှန်အောင်၊ တက်ချည် ဆင်းချည်၊ အနှံ့ထွန် နိုင်သောသူ ဟုဆိုပါသည်။
ညောင်ဦးဖီး- ညောင်ဦးအရပ်သား ညောင်ဦးကမ်းပါးက ပြေးဆင်း၍ ဧရာဝတီ တဖက်ကမ်းသို့ လက်ပစ်ကူး သည်၊ နောက်ဖက်ကမ်းသို့ ရောက်သော် ခြေမထောက်ခဲ့ဘဲ ပြန်၍ ကူးလာနိုင်သည့် အပြင် ကမ်းထိပ် သို့ပြေးတက် နိုင်သေးဟု ဆိုပါသည်။
ထို ၄-ဦးအပြင် နောက်ထပ် ဗျတ္တ၊ ရွှေဖျဉ်းကြီး ရွှေဖျဉ်းငယ်တို့ လည်းရှိကြသေး၏။ ထိုစဉ် အနော်ရထာ လက်ထက် မတိုင်မှီ ပုံဂံပြည်၌ မိရိုးဖလာနတ်၊ နဂါး၊ အရည်းကြီး တို့ကို ကိုးကွယ်ကုန်လေသည်၊ ထိုအရည်းကြီး များသည် ထိမ်းမြားမင်္ဂလာ ပြုလုပ်ကြလျှင် သူတို့သမီးကို ရှေးဦးစွာ အရည်းကြီးတို့ ကျောင်းသို့ ပို့ရသော ထုံးစံ ဖြစ်တည်နေသည်။ ထိုထုံးစံကို ပန်းဦးလွှတ် သည်ဟုခေါ်သည်။ ထိုထုံးစံကို မလိုက်နာသော် မင်းဒဏ်ခံကြရသည်။
ထိုသို့ ရှိစဉ် သထုံပြည်မှ ဓမ္မဒဿီမည်သော ရဟန်းတော် ရှင်အရဟံ ရဟန်းကောင်း ရဟန်းမြတ် တပါးသည်။ ပုဂံသို့ရောက်ရှိလာ၍ မင်းအနော်ရလည်း ကြည်ညို- ဆည်းကပ်သည် နှင့် စင်ကြယ်သော ဗုဒ္ဓဘာသာ အယူမှန်ကို သိရလေသည်။
သက္ကရာဇ် ၄၁၉- (AD-1057) ခုနှစ်တွင် အရှင်အရဟံ မိန့်ကြားချက်အရ သထုံပြည်၌ ပိဋကတ်တော် များရှိကြောင်း ကြားသိရသော လက်ဆောင် ပဏ္ဍာနှင့်တောင်းစေရာ သထုံ- မနူဟာမင်းက အရိုင်းတို့နှင့် အရာလောဟုဆို၍ မပေးဘဲနေလေ၏ ထိုအခါမှ စစ်သည် ဗိုလ်ပါနှင့်ချီ၍ သထုံကို တိုက်ခိုက်လေသည်။
ထိုသို့တိုက်စဉ် ကကျန်စစ်သား စသော လူစွမ်းကောင်း များတွင် ဗျတ္တလည်း ပါလာလေသည်။ ထိုစဉ် သထုံပြည်၌ ဗျတ္တ၏အကို—ဗျတ်ဝိ၏ အပေါင် အလက်တို့ကို ဆေးစီရင်၍ မြုပ်နှံထားသည် နှင့် မြို့ရိုးကိုမ၀င်နိုင်ရှိရာ၊ ဗျတ္တက မရီးကို မြေးမြန်း၍- မြုပ်ထားရာကို သိရှိ-ဖေါ်ယူပစ်လေမှ ၀င်နိုင်ကြလေ၏။ ဟုဆိုသည်။
ပဒေသရာဇ်ခေတ်တွင် “တိုက်ခိုက်သိမ်းပိုက်၍ စုစည်းခြင်းသည် တိုက်ခိုက်သိမ်းပိုက် ခံရသော အမျိုးသားတို့၏၊ အမျိုးသား ကိုယ်ပိုင်အုပ်ချုပ်ရေး ကိုယ်ပိုင်လွတ်လပ် ခွင့်ကို ဖျက်ဆီးလိုက်ပြီး ၎င်းအမျိုးသားတို့၏ ဆန္ဒနှင့်ဆန့်ကျင်၍ တိုက်ခိုက်သိမ်းပိုက်ခံရသော အမျိုးသား နိုင်ငံတော်ကို ဖျက်ဆီးသိမ်းသွင်းပြီး၊ ၎င်းနိုင်ငံတော်ပိုင် နယ်နိမိတ်ကို စစ်နိုင်ငံသော နိုင်ငံတော် ဧရိယာနှင့် ပူးပေါင်းခြင်းပင် ဖြစ်သည်။”
အဆိုပါ သဘောတရားသည် မှန်ကန်ကြောင်း မြန်မာ့သမိုင်းကို လေ့လာလျှင် ပဒေသရာဇ် ခေတ်တွင် မြန်မာပဒေသရာဇ် ခေတ်သည် မြန်မာနိုင်ငံကို စုစည်းရာတွင် တိုက်ခိုက်သိမ်းပိုက်ပြီး နယ်နိမိတ်အဖြစ် သတ်မှတ်ခြင်း၊ ပူးပေါင်းခြင်း ဖြစ်သည်၊ စုစည်းညီညွတ်မှု အစစ်အမှန်မှာ ဆန္ဒအရသာ ပူးပေါင်းပြီး လူမျိုးတမျိုး၏ ကိုယ်ပိုင်ပြဌာန်းခွင့် ဖြစ်သော မိမိတို့လူမျိုးအတွက် နိုင်ငံရေး၊ စည်းရုံးရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှုများကို မိမိတို့လူမျိုး၏ ဆန္ဒအရ တခြားအမျိုးသားတို့ လွတ်လပ်ခွင့် မထိခိုက်စေဘဲ လုပ်ဆောင်ခွင့်ရှိရမည် ဟူသောအချက်များကို မတွေ့ရှိရပေ၊ မြန်မာနိုင်ငံ ပဒေသရာဇ်ခေတ်တွင် ထိုသို့ စုစည်းခြင်းမဟုတ်သဖြင့် မြန်မာနိုင်ငံရှိ အမျိုးသားများသည် အချင်းချင်း စိတ်ဝမ်းကွဲပြားကာ တော်လှန် ပုန်ကန်မှုများ ခေတ်သမိုင်း အဆက်ဆက်တွင် ဖြစ်ပေါ်လာခြင်းပင်ဖြစ်သည်။
မြန်မာတို့အောင်နိုင် ကြသောအခါ မနူဟာမင်းနှင့် တကွ ပိဋကတ်တော် တို့ကို၎င်း၊ နှုတ်မှု-လက်မှု -ပညာသည် တို့ကို၎င်း၊ ထိုသို့ တိုက်ခိုက် ဆောင်ယူခဲ့လေသည်။ ဤသို့သထုံမှ ဗုဒ္ဓဘာသာ ပိဋကတ်တော်များ ရောက်လာသည် ကစ၍ အရည်ကြီး တို့သာသနာ မှေးမိန် သွား၍ ဗုဒ္ဓသာသနာတော်- တည်မြဲ- ကြီးပွားလေတော့သည်။ မြန်မာတို့ ယခုလက်ရှိ စာလုံးအက္ခရာ များကိုစ၍ အသုံးပြု- ရေးသား ကြလေသည်။ ထိုစာလုံးတို့ကာ အိန္ဒိယ ပြည်တောင်ပိုင်းမှ အောက်မြန်မာနိုင်ငံ မွန်တို့ထံသို့ သက္ကရာဇ် ၅၀၀ -ခုလောက်တွင် ရောက်လာ သုံးစွဲသော (ပတ္ထိဝ) အက္ခရာ စာလုံးမျိုးဖြစ်၍၊ ပန်းရံ- ပန်းပဲ စသောအတတ် ပညာများလည်း တိုးပွါးလာတော့သည်။ ဖမ်းယူသွားသော သထုံ မနူဟာမင်းကို မြင်းကပါ အရပ်၌ ထားရှိသည်ဟု သိလေသည် ။
မနူဟာမင်းကြီး တည်ထားခဲ့ သောကြောင့် မနူဟာဘုရားဟု နာမည် ကျော်စောလေသည်
ထိုမနူဟာမင်းကြီး၏ ဘုန်းအာနုဘောကြီး၍ စကားပြောသော အခါ ခံတွင်းက စက်ပြောင်သော အရောင်များ ထွက်သည်ကို အနော်ရထာမင်းသည် စိုးရိမ်ကြောက်လန့် သောအခါ မနူဟာမင်း ဘုန်းနှိမ့် စေရန်ဟု ဆွမ်းတော်တင် ပို့ကိုစားစေ၏။ မနူဟာမင်း စားမိ၍ ဘုန်းတန်ခိုး ပြယ်လေသော၊ စိတ်လက်ညိုး နွမ်းသည်နှင့် မိမိ၏ လက်စွပ် ကိုရောင်းပြီး ဘုရားတည်လေသည်။ ယခုတိုင် မနူဟာဘုရား ဟုရှိ၏ မနူဟာမင်းသည် ဖြစ်လေရာ ဘ၀၌ သူတပါး၏ နိုင်ခြင်းတို့ မခံရပါလို၏ ဟုဆုတောင်း ခဲ့လေသည်။ နောက်မကြာမီ မနူဟာမင်း နှင့် မိဖုရား သားသမ္မီး တို့ကိုပါ အနော်ရထာက ရွှေစည်းခုံ ဘုရားသို့ ဘုရားကျွန် အဖြစ်ဖြင့် လူလေတော့သည်။
အနော်ရထာသည်၊ ထိုကဲ့သို့ သာသနာရေး၌ အလွန်စိတ်အား တက်ကြွလာပြီးလျှင် ရခိုင်ပြည်ရှိ မဟာ မုနိရုပ်ပွါးတော် ကိုလည်းပင့် ယူရန် သွားရောက်သေး၏ သို့သော်လည်း အထမမြောက် မယူနိုင် ဖြစ်လေသည်။
တဖန် ဥတည်ဘွားမင်း စိုးစံနေတဲ့ ဂန္ဓလရာဇ (ဂန္ဓလရာဇ်) ခေါ်တရုတ်ပြည် (ယခုယူနန်-နနချိုပြည်၌) ဗုဒ္ဓဘုရားရှင် မြတ်စွယ်တော်ရှိသည် ကြား၍ စွယ်တော် ပင့်ယူရန် စစ်သည် ဗိုလ်ပါ များစွာနှင့် ချီတော်မှုသည်။ ကျန်စစ်သား စသော လူစွမ်းကောင်း လေးဦးနှင့် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ် တို့လည်းပါသည်။
ယခု ယူနန်တွင် ရှိသော ဗုဒ္ဓဘုရားရှင် မြတ်စွယ်တော်
ဥတည်ဘွားမင်း စိုးစံနေတဲ့ ဂန္ဓလရာဇ (ဂန္ဓလရာဇ်) ခေါ် တရုတ်ပြည်သို့ ရောက်သော်၊ တရုတ် ဥတည်ဘွား သည်လည်း မြို့တံခါးကိုပိတ်၍ အခိုင်နေလင့်၏ သို့သော နောက်ပိုင်း၌ ပြေငြိမ်းကြကာ အနော်ရထာမင်း နှင့် ဦးတည်ဘွားတို့ ကြည်ကြည် သာသာပင် ပြောဆိုဆက်ဆံ ကြလေသည်။ စွယ်တော်မြတ် ကိုကား အနော်ရထာမင်း အဓိဋ္ဌာန်၍ ပင့်သောလည်း မကြွ- မလိုက်- မရခဲ့ချေ။ သို့ရာတွင် သိကြားမင်း ပေးဆက်သည် ဆိုသော မြဆင်းတု တစ်ဆူကိုကား ယူဆောင် လါခဲ့သည်ဟု မြန်မာ့မိုင်းက ဆိုသည်။ မြန်မာ့သမိုင်း ပါမောက္ခ ဒေါက်တာသန်းထွန်းက ဘုရင်နော်ရထာသည် ယခုလက်ရှိ မြန်မာနိုင်ငံဟုခေါ်ဆိုသော နယ်နမိတ် အကုန်ထ အုပ်စီးနိုင်ချင်း မရှိသေးပါ တရုတ်ကို ရန်စရန်မှာ မဖြစ်နိုင်ပါ မိန်းမောနယ်စပပ် တို့ရောက်ရှိသည်မှာ ဖြစ်နိုင်ခြေ ရှိသည်။
၎င်းတရုတ်ပြည်က အပြန်ခရီးတွင် သျှမ်းပြည်သို့ ရောက်ရာ မောကိုးပြည်ထောင်စုကို အစိုးရသော မောဘုရင် စ၀်လုံဟိုမိန်းနှင့် မဟာမိတ်ဖွဲ့သည် မောပြည်ရှိ လယ်ယာကန်သင်း များအားလည်း အနော်ရထာသည် နက်သက်အားကျ တော်မှုသည်။ ထို့ကြောင့် မောဘုရင် စေ၀်လုံဟိုမိန်းထံ ဆည်မောင်း ကန်သင်း လယ်ယာ များလုပ်ကိုင် ကျွမ်းကျင်သူများ တောင်းခံလေသည်။
မောဘုရင် ခွန်ဟိုမိန်းသည် နှစ်တိုင်းပြည် ချစ်ကြည်ရင်းနှီးစေရန် လယ်ယာ ကန်သင်း ဦးကြီးများပင်မက အနော်ရထာမင်း အား မိမိသမက် နိုင်ငံတော် အဖြစ် ဖြစ်လို၍ သမီးတော် စောမွန်လှနှင့် လက်ဆက် ပေးခဲ့လေသည်။ (မောဘုရင် ခွန်ဟိုမိန်းကို မြန်မာသမိုင်းဆရာအချို့က မိုးကောင်းဘုရင် ဟုရေးမှတ်ကြသည်။)
ထိုသမီးတော်လေး စောမွန်လှသည် ဘာသာတရား ကိုင်းရှိုင်းသူတဦးဖြစ်သည် သူမအသက် ၂၈ နှစ်အရောက်မှာတော့ ပုဂံဘုရင် အနော်ရထာမင်း နှင့် ဖမည်းတော်တို့ နှစ်တိုင်းပြည် ချစ်ကြည်ရေး မဟာမိတ်ပြုရာတွင် သူမ၏ အသက်နှင့်ခန္ဓာကိုယ်ကို နိုင်ငံရေး၏ အသုံးတော်ခံ ဘ၀နေဖြင့် ပုဂံပြည်ကြီးသို့ လိုက်ပါသွားခဲ့ရလေသည်။
ပန်းချီဆရာ မောင်ကျော်ညွှန့်
ဖခမည်းတော်ကြီးသည် သမီတော် စောမွန်လှနှင့်အတူ ခြွေအရံများအပါဝင် လယ်လုပ်သူ တောင်သူ ဦးကြီးများပါ ထဲ့ပေးလိုက်လေသည်။ ထိုအထဲတွင် နောင်အခါ ပုဂံရာဇာဝင်တွင် ထင်ရှားမည့် သျှမ်းညီနှောင် သုံးဦး၏ဖခင်ခွန်ဆိုင်ခမ်းဖန်း ပင်ဖြစ်သည်။
သျှမ်း မင်းသမီးလေး စောမွန်လှသည် အနော်ရထာမင်း နောက်သို့ လိုက်ပါလာရာတွင် ယခု တောင်ပြုံး အရပ်တို့ ရောက်သော် ဆုတောင်းပြည့် စေတီကိုတည်ကြလေသည်။ ရွှေဖျဉ်းညီနောင် တို့လည်း အမှုထမ်း လစ်၍ အသတ်ခံရသည်။
မင်းသမီးလေး စောမွန်လှနှင့် ပါလာသောသျှမ်း တောင်သူ ဦးကြီးများသည် ယခုကျောက်ဆည် အရပ် သို့ ရောက်သောအခါ ကျောက်တုံးကျောက်ခဲများဖြင့် ဆည်ကန်သင်းများ တည်ဆောက်၍ လယ်များထွန် ယှက်စိုက်ပျိုးကြလေသည်။ ထိုသို့ကျောက်တုံး ကျောက်ခဲများဖြင့် ဆည်တည်ဆောက် လုပ်ကိုင်သောကြာင့် ယခုအချိန်ထိ ကျောက်ဆည်ဟု နာမည်တွင်ခဲလေသည်။ ထိုအရပ်၌ ယခုတိုင် သျှမ်းနာမည်နှင့် မြို့ရွာလေးများရှိသလို မိန်းမောဆိုတဲ့ ရွာလေးလည်း ရှိနေပါသည်။
ပုဂံပြည့်ရှင် အနော်ရထာမင်းသည် ပုံဂံသို့ ရောက်ရှိ သောအခါ၊ သျှမ်းမင်းသမီလေး စောမွန်လှကို အလွန်မြတ်နိုးစွာ အပါးတော်မြဲ မိဖုရားသဖြစ် ထားတော်မှုသည်။ မင်းတရားကြီးရဲ့ ချစ်ခင်မြတ်နိုးခြင်း၊ အစစ ဦးစားပေးခြင်း၊ အလေးအနက် ထားခြင်းတို့အပေါ် မလိုမုန်းထားရှိခဲ့သူက မိဖုရားခေါင်ကြီး သီရိမာလာဒေဝီ ကိုယ်တိုင်နှင့် မိဖုရားကြီးရဲ့ အမှုထမ်းများအပါဝင် နန်းတွင်းသူအချို့ တို့ကပါ မလိုမုန်းတီးကြလေသည်။
သျှမ်းမင်းသမီးလေး စောမွန်လှသည် ဘာသာတရား ကိုင်းရှိုင်းသူတဦး ဖြစ်သလို မိန်းမောင်းလုံ နေပြည်တော်မှ ပါရှိလာသော သူမ နားတောင်းတွင် ဓါတ်တော်များ ကိန်ဝပ်၍ ဌာပနာထားသည်ဟု ဆိုသည်။ ထိုကြောင့် စောမွန်လှ ဘုရားရှစ်ခိုး ၀တ်ပြုစဉ်တွင် ထိုနားတောင်းမှ ရောင်ခြည်များ ထွန်းတောက် ကွန့်မြူးလေ့ ရှိသည်။ ဤသို့ ဖြစ်နေသည်ကို မိဖုရားခေါင်ကြီး သီရိမာလာဒေဝီ နှင့် မောင်းမ မိဿံ တို့က တွေ့မြင်ကြသောအခါ မနာလိုရန်ငြိုးထား၍ မင်းကြီးအား စုန်းမ-ဖြစ်ကြောင်း လျှောက်ကြလေသည်။
အနော်ရထာ မင်းကြီးလည်း မယုံကြည်၍ စောမွန်လှ ဘုရားဝတ်ပြု ရာသို့ တိတ်တဆိတ် ချောင်းမြောင် ကြည့်ရှုလေသည်။ ထိုအခါ နားတောင်းမှ ရောင်ခြည်များ ကွန့်မြူးသည်ကို မြင်တွေ့ရ၍ ယုံကြည်ရနိုး ဖြစ်နေစဉ် စောမွန်လှ၏ ဆွေမျိုးများမှ သမီးတော်လေး၏ သျှမ်း အမှုတော်ထမ်းများအား မစားရသည်မှာ ကြာပြီဖြစ်သော သျှမ်းအစားအစာများ ဖြစ်တဲ့ အီကုတ်၊ ၀ါးပိုး၊ ငါးချဉ်၊ အသားချဉ် စသောအခြား အစားအစာများ ပေးပို့လိုက်သည်ကို မိဘုခေါင်ကြီးနှင့် အဖွဲ့သားများက မင်းကြီးအား စုန်းမျိုးဖြစ်၍ ဒီလိုပိုးကောင်းမျိုးကို စားကြသည်ဟု ဆိုကာ မင်းကြီး ကြည့်ရှု့ရန်ပြကြလေသည်။ မင်းကြီးလည်း တွေ့မြင်ကာ ဧကန်မုချ စုန်းမ- ဖြစ်ကြောင်း ယုံကြည်သည်နှင့် နေရင်း သျှမ်းပြည်သို့ ပြန်စေဟု နှင်ထုတ်လိုက်လေသည်။
ထိုအခါ သျှမ်း-မင်းသမီးလေး စောမွန်လှသည် ရိုးသားသူ ဘာသာတရား ကိုင်းရှိုင်းသူဖြစ်၍ မိမိရိုးရာ အစားအစာများအား အပြစ်တင် ကဲ့ရဲ့ရှုတ်ချ မိမိ အမျိုးဂုဏ်သိက္ခာ ကိုစော်ကား ခံရသည်ဖြစ်၍။ မိမိဖခင် ပင်လျှင်လည်း မိန်းမော အရှင်သခင် ဖြစ်သည့်အလျှောက် ကြောက်ရွံ့ခြင်း အလျှင်မရှိ အခြွေအရံ အနည်းငယ်မျှနှင့် မိမိမွေးဌာနီ မိန်းမောပြည်သို့ ထွက်လာခဲ့လေသည်။
မင်းသမီးလေး စောမွန်လှသည် ပုဂံပြည်မှထွက်ခွာလာပြီး ၁၀ရက်မြောက်သောနေ့၌ ယခု မန္တလေး အရှေ့တောင်ဘက်ဆီသို့ ရောက်သောအခါ အရိပ်အာဝါသ ကောင်းသော စမ်းချောင်းငယ် တခုနားအရောက်တွင် ခတ္တအနားယူ အိပ်မောကျရာမှ နိုးထလာရာ စမ်းချောင်း၌ မျက်နာသစ်နေစဉ် စမ်းချောင်းငယ်ထဲမှာ လိုးလိုးလက်လက် အရောင်များ ထွက်ရှိနေသည် တွေ့ရှိ၍ သေခြာစွာငုံကြည့် လိုက်စဉ် စမ်းထဲ၌ မဟုတ်ပဲ မိမိဦးခေါင်းပေါ် ကောင်းကင်ထက်တွင် စာပတီး ငှက်များ ခြံရံလျှက် လင်းလက်နေသော နားတောင်းကို တွေ့မြင်ရလေသည်။
ပန်းချီဆရာ မောင်ကျော်ညွှန့်
မင်းသမီးလေးသည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူ တယောက် ဖြစ်သည့်အလျှောက် ထိုနားတောင်း တဖက်နှင့် ဓါတ်တော်တို့ကို ဋ္ဌာပနာ၍ ငါးတောင်မြင့် ရှိသော စေတီငယ် တစ်ဆူကို တည်လေသည်။
ဘုရားမုတ်ဝ ကိုလည်း အရှေ့မောသျှမ်းပြည် ဖက်သို့ လှည့်ထားလေသည်။ ထိုအချင်းအရာကို အနော်ရထာမင်း ကြားသိသော် ဘုရားမုတ်ကို အရှေ့ သျှမ်းပြည်ဖက်သို့ လှည့်ထားလျှင် စောမွန်လှကို သတ်ခဲ့။ ငါစိုးစံရာ အနောက်ဖက် ပုဂံပြည်ဖက်သို့ လှည်ထားလျှင်၊ အသက်ချမ်းသာစေဟု မင်းချင်းများကို စေလွတ်လိုက် လေသည်။
မင်းချင်းတို့ ညအခါ ရောက်လာရာ မင်းသမီး စောမွန်လှက တန်စိုး လက်ဆောင်ပေး၍ အကြောင်းကို မေးမြန် သိရသော အခါမှ။ ၎င်းညတွင်းပင် မိမိ၏ ကုသိုလ်တို့ကို အောင်မေ့ခါ နတ်ကောင်း နတ်မြတ်တို့ကို တိုင်တည် အဓိဋ္ဌာန်ပြု၍ မြစီသော ရွှေဖျင်တဘက်ဖြင့် ဘုရားစေတီ ကိုပတ်ချည်၍ လှည့်လေရာ ဘုရားလည်၍ မုတ်ဝ အနောက် ဖက်မကျ အရှ့ဖက်မကျ (သျှမ်းပြည်မကျ မြန်မာပြည်မကျ) သို့ရောက် လေသည်။ နံနက်လင်း၍ မင်းချင်းတို့ မြင်ရသော စောမွန်လှ ကိုချမ်းသားပေး၍ ပုဂံသို့ ပြန်ကြ လေသည်။ ( စောမွန်လှ နားတောင်း ကျခဲ့ချောင်းကို အခုတိုင် နားတောင်ကျချောင်းဟု ခေါ်ကာ စောမွန်လှ နားတောင်းအား စာပတီးငှက်များ ခြံရံနေခြင်းကြောင့် ထိုနားတောင်းဖြင့် တည်သော စေတီတော်အား ရွှေစာရံဘုရား ဟု ယခုထက်တိုင် ကျော်စောလှပေသည်။)
ထိုအချင်းရာကို အနော်ရထာမင်း ကြားသိရသော ကျေနပ်ဝမ်းမြောက် သည်နှင့်အညီ ၎င်းဘုရား ပတ်လည်တွင် မြေတာ- တစ်ထောင် လှူတော်မှုသည် နောင်အခါ၊ ပုဂံ- အလောင်းစည်သူမင်းက မြေထပ်၍ လှူတော်မှုသည်။ နောက်အင်းဝ- မိုးညှင်းမင်းတရာကြီး “သီရိတြိဘ၀နာဒီတျာ ပ၀ရပဏ္ဍိတ ဓမ္မရာဇာ” ဘွဲ့ခံ မိုးညှင်းသတိုး(၇၈၈-၈၀၁) သံတောင် ၃၀- အထိမြင့်၍ တည်တော်မှုသည်။
ဤအချင်းရာများကို ထောက်ရှုခြင်း အားဖြင့် သျှမ်းများနှင့် မွန်တို့သည် အနော်ရထာမင်းထက် ဗုဒ္ဓဘာသာကို စောလျင်စွာ ကိုးကွယ်နေပြီးဖြစ်ကြောင်း သိသာထင်ရှားလေသည်။
မင်းသမီးလေး စောမွန်လှ အပြန်ခရီး လမ်းတလျှောက်တွင် စေတီပေါင်းရှစ်ဆု တည်ခဲ့ပြီး ဆက်လက်၍ ခရီးဆက်ခဲ့ရာ ယခုသီပေါမြို့နား အရောက် ဆားထွက်ရှိရာအရာ အရပ်၌ ကိုးဆူမြောက် စေတီအား ကျန်ရှိသော နားတောင်းတဖက်အား ဌာပနာ၍ (၇-တောင်) အမြင့်ရှိသော စေတီတဆူကို တည်လေသည် ။ ထိုစေတီကို သျှမ်းတို့က ကောင်းမူးမော်ကေ ဟု ခေါ်သည်။ ကောင်းမှုးသည် သျှမ်းလို စေတီတော် ။ မော်ကေ-သည်(ဆားတွင်း ) -ဟုအဓိပ္ပါယ်ရပါသည်။ မြန်မာတို့က ဘောကြိုဘုရား ဟုခေါ်ဆိုကြသည်။
ရှေးတုန်းက ဘော်ကြိုဘုရားပုံ
ထို့နောက် ဖခင် မိန်းမော်ဘုရင် စ၀်ဖှလုံဟိုမိန်း အား ယခု ကျောက်ဆည်နယ်ရှိ သျှမ်းလူမျိုးများမှ ပုဂံနန်းတွင်းမှ သမီးတော်လေး ထွက်ရှိလာခဲ့ကြောင်းကို သံတော်ဦး တင်လျှောက်သောအခါ ဖခင်မင်းတရားကြီးမှ သားတော်ကြီး ဥပရာဇာ စ၀်ကော်လျန်း အားစစ်ကြောင်း ကြီးများလွှတ်၍ သမီးတော် စောမွန်လှအား သွားရောက် ကြိုဆို စေလေတော့သည်။
သျှမ်း မင်းသမီးလေး စောမွန်လှသည် တိုင်းပြည်နှစ်ပြည်၏ ချစ်ကြည်ရင်းနှီးစေဖို့ စတေးခံခဲ့ရကာ တိုင်းတပါးသို့ လိုက်ပါသွားရပြီး မိဖုရားအဖြစ် တင်မြောက်ခြင်း ခံရသော်လည်း ရှေးဘ၀ ကုသိုလ်ကံ အကြောင်းမလှခဲ့၍ ပုဂံပြည်မှ နှင်ထုတ်ခြင်း ခံရကာ အပြန်လမ်းတွင် မိမိကိုးကွယ်ယုံကြည် ရာ ဘာသာတရား ကောင်းမှု ကုသိုလ်များ ပြုလုပ်နေ ပါသော်လည်း ဖမ်းဆီးသတ်ဖြတ်မည်ဟု ကြိမ်းမောင်းခြင်း ခံရရှာလေသည်။ ထို့နောက် မောင်တာ် စ၀်ကော်လျန်း၏ အကြိုတပ်နှင့်လည်း မတွ့ဆုံ မိန်းမောင်း နေပြည်တော်ဆီ လည်းမရောက်မှီ ယခု သီပေါ့နား အရောက် လမ်းခုလတ်မှာပင် ကံတော်ကုန်ရှာခဲ့လေသည်။
အမတော်ကံကုန်သည်ဟု ကြားသိရသော မောင်တော် စ၀်ကော်လျန်း သည်လည်း အချို့ အမွာပူးတို့ ထုံးစံအရ အမတော်နှင့် မနှီးမဝေးမှာပင် ကံကုန်ခဲ့ရှာလေသည်။ ဒီနေ့အထိ မင်းသမီးလေး စောမွန်လှနှင့် မောင်တော် စ၀်ကော်လျန်းတို့ ဂူဗိမာန်ကို သီပေါမြို့နားတွင် အရိုးအိုး စေတီအဖြစ် တွေ့မြင်နိုင်ပါသည်။
သျှမ်းမင်းသမီးလေးသည် ကံအကြောင်းမလှရှာသော မင်းသမီးလေး စောမွန်လှ ဘ၀မှ ယခုအခါ ပုဂံ ရာဇာဝန်ထဲက သတို့သမီးဖြစ် ထင်ရှာလေတော့သည်။
ပုဂံရာဇာဝင်အကြောင်း ပြောရင် စောမွန်လှ အကြောင်းမပါလိုမရပါ စောမွန်လှနှင့် အတူပါသွားကြသော သျှမ်းတောင်သူ ဦးကြီးများထဲတွင် နောင်အခါ မြန်မာ့ သမိုင်းတွင် ထင်းရှားလာမည့် သျှမ်းညီနောင် သုံးဦး၏ ဖခင် ခွန်ဆိုင်ခမ်းဖန်း ကြောင့်ပင်ဖြစ်၏ ပေါက်ကန်နန်းတော်ကို ဆန်ရေ စပါးအများဆုံး ပံ့ပိုးသော ဤသျှမ်းမိသားစုကို ပေါက်ကန်ရှင်ဘုရင် (တလုတ်ပြေးမင်း) ကဘွဲ့သစ်များဖြင့် ချီးမြှင့်မြှောက် စားလေသည်
အဖေ ခွန်ဆိုင်ခမ်းဖန်း = သင်္ခဗိုလ်
သား ခွန်အိုက်ဆိုင်ခိုင်=အသင်္ခယာ မြင်စိုင်းစား
သား ခွန်ယီဆိုင်ကမ် =ရာဇသင်္ကြန် မက္ခရာစား
သား ခွန်ဆမ်ဆိုင်ဆိုင် =သီဟသူ မြစ်သာစား မြင်စိုင်း ပင်းယ စစ်ကိုင်း အင်းဝ တို့ကို တည်ထောင်ခဲ့သော သျှမ်းမင်းဆက်များပင်ဖြစ်သည်။ ထိုဒေသသည် သျှမ်းနာမည်နှင့် သျှမ်းမင်းဆက်များ တည်ထောင် ခဲသော မြို့တော်များပင်ဖြစ်သည့် အလျှောက် သျှမ်းလူမျိုးများ နေထိုင်ရာဒေသ လည်းဖြစ်သည်။ နောက်ပိုင်း ဗမာများဝင်ရောက် နေထိုင်လာကြသလို သျှမ်းကြာ ဗမာဖြစ်ဆိုသလို ဗမာဖြစ်သွားကြသည်ကများသည်။
မည်သို့ပင် ရှိစေကာမှု နော်ရထာမင်းသည် ကံသူအကြိုးပေးဟု ဆိုရလေမလား မိမိပြုသမျှ ဒီဘ၀နဲ့ပဲ ပေးဆပ်ခဲ့ရသည် ဟုပြောမလား အထင်ကရ မင်းဖြစ်သော်ညားလည်း ကျွဲခတ်၍ နတ်ရွာစံ (သေဆုံး) ရလေကာ ပုဂံပြည့်ရှင် မင်းအနော်ရထာရုပ်ကလာပ်အား မိမိမင်းညီမင်းသား နှင့် မိမိပုဂံ ပြည် တိုင်းသူပြည်သား အပေါင်းတို့ မတွေ့လိုက်ရရှာတော့ပေ။
ဘော်ကြိုဘုရားသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်ကတည် ထားခဲ့သည်ဟု ခန့်မှန်းရသော ရှေးဟောင်းဘုရား တဆူဖြစ်သည်။ ၁၉၉၅ – ၁၉၉၆ ခုနှစ်အတွင်း ဒုတိယ ဗိုလ်ချုပ်ကြီးခင်ညွန့်၏ အမိန့်အရ ဘော်ကြိုဘုရားအား အကြီးအကျယ် ပြန်လည်ပြင်ဆင်ခဲ့သည်။ အမှန်တကယ်တော့ ရတြယာ အရပြုပြင်ခြင်းသာဖြစ်သည်။
ဗိုလ်ခင်ညွန့်၏ ယတရာအရ ပြုပြင်ခဲ့သော ဘော်ကြိုဘုရား
မည်တို့ပင် ရတြယာအရ စေတီဘုရား များအား ပြုပြင် စေကာမှု လူထု၏ အာဏာအား မတရား သိမ်းစည်း ထားခြင်း၊ လူထုအား မတရား ခိုင်းစေခြင်း တို့ကြောင့် မိမိတို့ အချင်းချင်းကြား အာဏာအဝေ မတဲ့၍ ဖမ်းဆီး ချုပ်နှောင်ခြင်း ခံရရှာ လေသည်။
အွန်လိုင်းအသံ သျှမ်းမင်းသမီးလေး စောမွန်လှ
( ကိုကြီးလှ )

Sunday, December 6, 2015

ခဏာတာ ရယ်မောပျော်ရွှင်ကြပါစေ။"



၁။ ကောင်မလေး။ ။ ရှင် ကျွန်မတစ်ယောက်တည်းကို ချစ်တာသေချာလား..
ကောင်လေး။ ။ သေချာပါတယ်ကွာ.. ကိုယ်မနေ့ကဘဲ ကိုယ့်ရည်းစားစာရင်းကို သေချာ ပြန်စစ်ကြည့်ပြီးပြီ..
---------------------------------------------------------
၂။ ဆရာမ။ ။ ကိုယ်ပြောနေတာကို စိတ်ဝင်စားမှန်းမသိ၊ မ၀င်စားမှန်းမသိဘဲ စကားတွေဇွတ်ပြီး ပြောနေတဲ့သူမျိုးကို ဘယ်လိုခေါ်လဲ ?
ကျောင်းသား။ ။ ဆရာမလို့ခေါ်ပါတယ်..
-----------------------------------------------------------
၃။ စားပွဲထိုး။ ။ ဆရာ ကော်ဖီက ဘလက်ကော်ဖီဘဲ ယူမှားလားခင်ဗျာ
စားသုံးသူ။ ။ မင်းတို့ဆိုင်မှာ ကော်ဖီကဘာအရောင်နဲ့များရသေးလို့လဲ?
----------------------------------------------------------
၎။ ကောင်လေး။ ။ ကိုယ်မင်းလက်ကလေးကို ကိုင်ထားပါရစေ။
ကောင်မလေး။ ။ နေပါစေ ကျွန်မလက်က ဒီလောက်မလေးပါဘူး..
----------------------------------------------------------
၅။ တရားဟောဆရာ။ ။ ဆမ်.. ငါ့ကို အမှန်အတိုင်းပြောစမ်း. . . မင်းဟာထမင်းမစားခင်မှာဆုတောင်းလား. မတောင်းဘူးလား?
ဆမ်။ ။ ဆုတောင်းဖို့ မလိုပါဘူးခင်ဗျာ.. ကျွန်တော့်အမေက ဟင်းချက်ကောင်းပါတယ်…
--------------------------------------------------------------
၆။ ဆရာမ။ ။ ကဲ တစ်ထပ်တည်းကျတဲ့ တိုက်ဆိုင်မှု တစ်ခုခုကို နမူနာ ပြောပြ စမ်းပါဦးကွယ်။
ကျောင်းသား။ ။ ကျွန်တော့်အဖေနဲ့ အမေဟာတစ်ချိန်တည်း တစ်နေရာတည်းမှာ မင်္ဂလာဆောင်ခဲ့ပါတယ် ဆရာမ….
--------------------------------------------------------------
၇။ ဆရာ။ ။ ဂျော့ခ်ျဝါရှင်တန်ဟာ ခွင့်ပြုချက်မရဘဲ သူ့အဖေ သိပ်နှစ်သက်တဲ့ ချယ်ရီပင်လေးကို ပုဆိန်နဲ့ ခုတ်လှဲပစ်လိုက်တယ်.. ဒါပေမဲ့ သူ့အဖေက သူ့ကိုအပြစ်မပေးခဲ့ဘူး.. အဲဒါဘာကြောင့်လဲဆိုတာ ဘယ်သူသိလဲ?
ကျောင်းသား။ ။ သူ့လက်ထဲမှာ ပုဆိန် ကိုင်ထားဆဲဖြစ်လို့ပါဆရာ
----------------------------------------------------------------
၈။ ဆရာမ။ ။ နေနဲ့လ ဘယ်ဟာက ပိုပြီး တို့တွေအတွက် အရေးကြီးတယ် ထင်သလဲ
ကျောင်းသား။ ။ လပါဆရာမ
ဆရာမ။ ။ ဘာဖြစ်လို့လက ပိုအရေးကြီးတာလဲ?
ကျောင်းသား။ ။ လက ကျွန်တော်တို့အလင်းရောင် လိုအပ်နေတဲ့ညမှ ပေါ်လာပြီးတော့ နေကတော့ အလင်းရောင်မလိုအပ်တဲ့ နေ့လည်မှ ပေါ်လာလို့ပါ။
-----------------------------------------------------------------
၉။ ဆရာမ။ ။ ဆမ် မင်းဟာတော်တော်ကို စကားများပါလား
ဆမ်။ ။ ကျွန်တော်တို့မျိုးရိုးက စကားများတဲ့မျိုးရိုးမို့ပါ
ဆရာမ။ ။ ပြောစမ်းပါဦး မင်းတို့မျိုးရိုးကဘာတွေမို့လဲ
ဆမ်။ ။ ကျွန်တော့်အဖိုးက နိုင်ငံရေးတရားဟောတဲ့သူ၊ ကျွန်တော့်အဖေကတော့ ကျောင်းဆရာ
ဆရာမ။ ။ မင်းအမေကရော
ဆမ်။ ။ ကျွန်တော့်အမေက မိန်းမ တစ်ယောက်ဖြစ်လို့ပါ..
-----------------------------------------------------------------
Credit: :internet
ကိုကို (မိုမိုလေး)
ဟာသနဲ့ ဗဟုသုတတွေကိုမှန်မှန်ကြည့်ဖို့ Momolay Android app ကို နီးစပ်ရာ ဖုန်းဆိုင်တိုင်း (သို့) www.momolay.com(သို့ ) Google Play မှာအခုပဲဒေါင်းလိုက်ပါ။

တောင်သမန်လယ်စားမောင်ဖေငယ် ဇာတ်လမ်းအကျဉ်းချူပ်



နှစ်တွေဘယ်လို ကြာညောင်းပေမဲ့ မဟောင်းမြေ့နိုင် တဲ့ ဇာတ်လမ်းလေး တစ်ပုဒ်ကတော့ မန္တလေးရတနာပုံ နေပြည်တော်ကြီးမှာ အစပြုခဲ့ပါတယ်။
(၁)
လောင်းရှည်မြို့စား သီရိမဟာသုပဘာဒေ၀ီ ဘွဲ့တော်ခံ မိဖုရားကြီးသည်မင်းတုန်းမင်းတရားကြီး ကမျက်မာန်ပွားရာမှ အငြိုအငြင်ခံရကာ
ချို့တဲ့စွာနေရစဉ်၌ သားတော်သီပေါ မင်းသားလေး သည်ပဌမပြန် စာပြန်ပွဲကြီးသုံးကြိမ် ပြန်ဆိုခဲ့သဖြင့် စာပေနှင့်ဘာသာကို လေးစားသော မင်းတုန်းမင်း တရားကြီးက သားတော်သီပေါမင်းကို မြှောက်စားခဲ့ ၏။
မင်းသား၏အဆောင်အယောင်နှင့်လက်သုံးတော်ဓါးပိုင်မင်းသားကို သူရဲကောင်းပြုရာတွင် ရှေ့လွှတ်တော်ကြီး မြောက်ဘက်၌ သီးသန့် ဆောက်လုပ်သောစံအိမ်တော်နှင့်စံမူ ၏။
ထိုစဉ်တွင်သီပေါဘုရင်၌အခြွေအရံလူပျိုတော်သားများဝိုင်းရံခစားလျက်ရှိရာ၌ဘိုးတော်ဘုရား သားတော်တစ်ပါးဖြစ်သော ရွှေဖြူမင်းသား၏ မြေးမောင်ဖေငယ်နှင့်ရေနံ ချောင်းမင်းကြီး၏ သားမောင်တုတ်တို့သည်မင်းသားနှင့်အရင်းနှီး ဆုံးဖြစ်၏။
မောင်ဖေငယ်သည် ပညာရင့်သန်သူတို့ အလျှောက်နူးညံ့သိမ်မွှေ့သည်။မောင်မောင် တုတ်မှာလက်ရုံးရည်သမားဖြစ်သည့်အလျှောက် ဟောဟောဒိုင်းဒိုင်းနှင့် မဟုတ်မခံရှိသည်။
(၂)
မောင်ဖေငယ်သည် သီပေါမင်း၏လူပျိုတော် မဖြစ်ခင်ကအမျိုးကို ချစ်သည့်စာဆိုတော် လူငယ်ကလေးတစ်ဦးဖြစ်၏။ သက္ကရာဇ်၁၂၃၃-ခုနှစ်တွင်မင်းတုံးမင်းက အင်္ဂလိပ်လက်ရှိ ရန်ကုန်ရွှေတိဂုံစေတီတော်ကို ထီးတင်ရာ ပုပ္ပါးဝန်သည် ထီးတော်နှင့်အတူရန်ကုန်သို့ စုန်ဆင်းလာ၏။
ရွှေတိဂုံကုန်းတော်ပေါ်၏ အနီးတွင်ပုပ္ပါးဝန်က ထီးတော်ရုံယာယီဆောက် ကာခေတ္တထားရာ၌ ထီးတော်ရုံကို ထီးဖြူနှစ်လက်မိုးထား၏။
ထိုစဉ်တွင် အိန္ဒိယဘုရင်ခံချူပ်လာဒ်မင်းကြီးသည် ရန်ကုန်သို့လာရာမှထီးတော်ရုံအနီး၌ပင် ယာယီတဲ နှင့်နေ၏။လာဒ်မင်းကြီးယာယီတဲတွင်ထီးတော်ရုံကဲ့သို့ထီးဖြူနှစ်လက် မိုးထားကာစံနေရာ မြင်ရသူ မြန်မာတိုင်းမချိကြ။ လာဒ်မင်းကြီးသည် အိန္ဒိယသူပုန်တို့်က နောက်ကြောမှ ဓါးနှင့်နှစ်ချက် ထိုးကာလုပ်ကြံလိုက်သဖြင့် သေဆုံးသွားသည်တွင် မောင်ဖေငယ်စာချိုးတော့၏။
.....ထီးဖြူရုံပြဿဒ်နှင့်၊မအပ်တဲ့မရာ၊လဒ်ဆိုတဲ့မိစ္ဆာ၊ပိတ်ရှာပြီ ၀ီဇီ၊ဘုန်းမတန်ဘုန်း တန်ကြံ ဆုံးရုပ်နံ၊လားရ ဇီဝီ၊ မင်းတုတုခွေးသေသေတယ်၊ သွေးထွေထွေယိုဘိ၊လဒ် ရန်ဇတ်ဒါဏ်တိ၊ နတ်ဖန် ဘိဘုန်းတော်၊ကျွန်းစင်္ကာပူတလွှား၊ရွှေဓါးပွါးသတရသနော်၊လှေခါးတက်ပေါ်၊ထီးဖြူတော် နှစ်ချက် ကြောင့်၊ သင့်အသက်ထွက်လွယ်စေ၊ဒါးနှစ်ချက် လေးလက်ဖြင့် လေးချက်မွှေမည် ဘေးသက်သေ၊လက်ငင်းဗျလေး။.......
မောင်ဖေငယ်၏ စာကိုတွေ့ရသော အောက်မြန်မာ ပြည်မှအင်္ဂလိပ်တို့သည်မင်းတုန်းမင်းကြီးထံသို့ လျှောက်ထား တိုင်ကြားကာကန့်ကွက်၏။
ထိုစဉ်ကမင်းတုန်းမင်းသည် အင်္ဂလိပ်တို့ အားပေါင်းသင်း နေရချိန်တွင် နိုင်ငံရေးစိတ် ထက်သန်သည့်စာဆိုတော် ကလေး၏ဘေးကြောင့် အမူမပွားဆိုသဖြင့် မောင်ဖေငယ်ကို ထိတ်တုံးခတ်ခါ အကျဉ်းချထား၏။
.......သမုတိအတွက်င၀က်ကဒဏ်ခံ၊အထက်ကကြံဟန်ကိုရွှေနန်းစံမသိ၊ရှစ်ခုနှစ် တောင်မျက်နှာတွင် မက္ခရာမင်းနှင့်ပါဘိ၊ပလိပ်ကြောင်းအောင်ပန်းခွေ၊မောင်ထမ်း ချေနေဘိ၊ညောင်ရမ်းဆွေရ၀ိနှင့်ပြကတိ မသွေ၊ရန်သူတော်ရွှေဘိုသွား၊ဖေကိုဘွား ခဲ့ရသက်သေ ၃ခုနှစ်ကုလားပြေ၊ ဇယားခြေ ဇတ်ကြီးနှင့်တသီးပချင်းနိုင်ငံ၊ကူးခဲ့ပုံစံ ယခုဖြင့်ကောင်းမွေလွန်တယ်-ဆိုးမွေခံထိပ်တုံး နှင့်လေး။........
သီပေါမင်းသားသည် မယ်တော်ရှင်ဖြူမရှင် အလယ်နန်းမတော်ဖုရား၏သ္မီးလတ်၊
မြတောင်မြို့စား ထိပ်စုဖုရားလတ်နှင့် ကျောင်းသားဘ၀ စာပေသင်အံနေစဉ်ကပင် ချစ်ကျွမ်းဝင်ခဲ့ရာ မင်းသားနှင့်မင်းသ္မီး အပြန်အလှန်ပေးကြသည့် တေးထပ်များစာများ သည်မောင်ဖေငယ် ရေးပေးသည်ဟုဆို၏။
မောင်ဖေငယ်သည် ဒိုင်းဝန်နှင့်ဒိုင်းဝန်ကတော်တို့ ကမွေးစားသောသားဖြစ်ပြီး ဒိုင်းဝန်နှင့်ဒိုင်းဝန် ကတော်တွင် ခင်ခင်ကြီး(ဒိုင်းခင်ခင်)ဟု မွေးစားသ္မီးငယ်ကလေးရှိ၏။
သူတို့နှစ်ယောက်နေရာချရန်ရာထားသည့်အတိုင်းမောင်ဖေငယ်ကဒိုင်းခင်ခင်ကြီး အပေါ်တွင်ချစ်မိ သော်လည်းဒိုင်းခင်ခင်မှာငယ်လွန်းသဖြင့်မပြောဘဲအလိုလိုက်ကာ အကြိုက်ပြုခဲ့ရ၏။

ဒုတိယပိုင်း ဇတ်သိမ်း
(၃)
၁၂၄၀-ခုသတင်းကျွတ်လဆန်း-၆-ရက် အင်္ဂါနေ့-၂-ချက်တီးကျော်တွင်မင်းတုံးမင်း နတ်ရွာစံသော်၊မိဖုရားခေါင်ကြီး မဟုတ်သော်လည်း ဆင်ဖြူရှင်တော်ကိုပေးသနားကာ မိဖုရားခေါင် ကဲ့သို့မြှောက်စားထားသည် ရှင်ဖြူရှင်မရှင် အလယ်နန်းမတော်ဖုရားသည် မင်းတုန်းမင်း မကျန်းမာစဉ်ကပင်၊အဆောင်တော်ပိတ်ပြီးကုသခဲ့၏။
အခြား မိဘုရား-၃၈-ပါးကိုဝင်ခွင့်မပြုရုံမက ကင်းဝန်မင်းကြီးဦးကောင်း ရွှေပြည်ဝန်မင်းဦးဖိုး လှိုင်၊ တိုင်တားမင်းကြီးဦးဖိုးဘို နှင့်တိုင်ပင်ကာ တိုင်းပြည်ငြိမ်ရန်အတွက်မက္ခရာမင်းသားကြီးက အစ သီဘော၊သာဂရ၊ရခိုင်၊ပျဉ်းမလွန် စသောမင်းသားတို့အထိသားတော်အားလုံးကို ဖမ်းထားလိုက်၏။
ထို့နောက်အိမ်ရှေ့မင်းအဖြစ် သီပေါမင်းသားကိုခန့်ရန်ဆုံးဖြတ်ခန့်ထား၏။သီပေါကို မောင်မောင်တုတ်က ကြေးတိုက်တွင် ထမ်း၍ထုတ်ခဲ့သည်။
မင်းတုံးမင်းနတ်ရွာစံပြီးနောက်မိဖုယား ၄၉ ပါး သား ၅၀ ပါး မြေးထီး ၃၈ ပါး မြေးမ ၄၅ ပါး
ကျန်ခဲ့၏။
(၄)
မင်းတုန်းမင်းနတ်ရွာစံလျှင် အိမ်ရှေ့မင်းသား သီပေါမင်းသည် နန်းတော်သို့ပြောင်း၍စံပြီး နန်းသိမ်း၏။ မောင်မောင်တုတ်ကို နေ့ညမပြတ် ခေါ်ထား၏။ မောင်ဖေငယ်နေမကောင်း သဖြင့် အိမ်ပြန်အိပ်စေပြီး နံနက်ညီလာခံတက် စေ၏။
မောင်ဖေငယ်ကို ရွှေတိုက်စိုးအရာနှင့် တောင်သမန် လယ်စား စီးတော်မြင်းဝန်အဖြစ်သူ ကောင်းပြု၏။ ဒိုင်းဝန်မင်းကို အတွင်းဝန်ပုဂံမြို့စားပေး၏။ ဒိုင်းအတွင်းဝန်၏ဖခင် လန်းပတ်မင်းကြီးအား ၀န်ကြီးခန့်၏။
မောင်မောင်တုတ် မင်းညီမင်းသားအခွင့်အရေးရပြီး ရနောင်မြို့ကိုစားစေကာ လက်သုံးတော်ကိုင် မြောက်ဓါးဝယ်ဗိုလ်ကြီး ဖြစ်၏။ ရွှေနန်းရှင်အား ပူးတွဲ၍သာခစား ကြ၏။
၁၂၄၀ ခုနှစ်တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့တွင်မဟေသီ ဘိသေကသဘင်ဆင်ယင်ရာ ဆင်ဖြူမရှင်က သီပေါမင်းအားသူ၏ သ္မီးတော်ကြီး မိုးနောင်စုဖယားကြီးနှင့် လက်ထပ်ရန် စီစဉ်နေစဉ် တွင် မင်္ဂလာအခါတော်ကျချိန်၌ မိုင်းနောင် စုဖုရားကြီးနှင့် သီပေါမင်းတို့ထိုင်ရာ အမရာသန ပလ္လင် ပေါ်သို့မြတောင်မြို့စား စုဖုရား လတ်က တက်ကာကြားထဲမှ ဇွတ်ဝင်ထိုင်သဖြင့် တစ်ချိန် တည်းပင် သီပေါကိုယ်တော် သည်မိဖုရားနှစ်ပါးနှင့် လက်ထပ်ပြီးသား ဖြစ်သွား၏။
သီပေါသည် စုဖုရားလတ်နှင့် သာလျှင်ပေါင်းသင်း နေရပြီး စုဖုရားကြီးထံသို့သွားခွင့် မရ။
(စုဖုရားလတ်သည် ဘုရင် မိဖုရားများများယူ သည့်စနစ်ကိုတော်လှန်သည်။)
၁၂၄၀ ခု တပို့တွဲလဆန်း ၁၀ ရက်နေ့ညတွင် ယခင်ကဖမ်းထားသည့်မင်းသားများအရာရှိများ သားသမီးများပါမကျန် လူ ၅၀ ခန့်ကို မောင်မောင်တုတ်က သီပေါမသိဘဲ သတ်လိုက်၏။
ထောင်ပြောင်းစေဟု အမိန့်ရှိသည်ကို အမှတ်မှားသဖြင့်သတ်ခဲ့ရသည်ဟု ဆို၏။
ထိုအခါ သီပေါဘုရင်က
နောက်ကို လက်သုံး တော်များ ၀န်ကြီးများနှင့် အတွင်းဝန်များ မသိကြဘဲ
ကွပ်မျက်ခြင်းမပြုရဟုအမိန့်ထုတ် ခဲ့၏။
(၅)
ထို့နောက် ရာဇပဝေသ ဘိသိတ်သွန်းပြီး သီပေါမင်းက စုဖုရားလတ်ကိုမိဖုရားခေါင် ထီးဆောင်းမင်္ဂလာ မဟာဥကင်ဖွင့်၍လုပ်ရာ ကညာခင်ခင်ကြီးသည် ဘိသိတ်တော်ဆက်
အဖြစ်န၀ရတ် ထီးရွှေဖလားကိုကိုင်ရန်အရွေးခံရ၏။
ထို့ကြောင့် မိဖုရားခေါင်ကြီးစုဖုရားလတ်က မျက်စေ့ကျကာလှပသော ခင်ခင်ကြီး(ဒိုင်းခင်ခင်)ကို အပါးတော်ခစားစေ ဟုမြှောက်စား၏။ အသက်ဆယ့် လေးငါးနှစ်ရှိ ခင်ခင်ကြီးကို မင်းနှင့်မိဖုရား နှစ်ပါးစလုံးကချစ်၏။
တစ်နေ့တွင်သီပေါက မောင်တုတ်နှင့် မောင်ဖေငယ်ကို ခေါ်ကာဒိုင်းခင်ခင်ကို နန်းရမိဖုရား မြှောက်လိုသည် ဟုပြော၏။ ဒိုင်းခင်ခင်ကို သူစံရာပန်းခုံတော်သို့ ခေါ်ပေးရန်ဆိုရာမောင်ဖေငယ်သည် နှမကောင်းစားသည် ကိုမြင်လိုသည်ကတစ်ကြောင်း သခင့်ကိုသစ္စာ
မဖောက်လို၍တကြောင်း ဒိုင်းခင်ခင်ကို ခေါ်ထုတ်ကာ သီပေါထံသို့ပို့ပေး၏။ မကြာခဏ ယောက်ျားလိုဝတ်ပြီး သီပေါထံသို့ခေါ်ပေး၏။
နောက်ဆုံးတွင် မိဖုရားခေါင်ကြီး စုဖုရားလတ် သိသွား၏။ ဒိုင်းခင်ခင်ကို မြောက်ရွှေရေးဆောင်တွင် မိဖုရားအဖြစ် ထားရန် စီစဉ်လျက်ရှိစဉ်တွင် သီပေါမင်း မကျန်းမာဖြစ်၏။ မိဖုရားကြီးက ရွှေနန်းဆောင် ဆောင်ဗွေလယ်မှာ မောင်ဖေငယ် နှင့်ဒိုင်းခင်ခင်ကြောင့် မောင်တော်ဘုရား နှင့်သာ ဝေးကွာရတော့မည်။ မောင်ဘုရားနှင့် ဝေးကွာရ သည်မှာ ဒင်းတို့သာ တရားခံ။ နန်းမတော်စုဖုရား အတွင်းရန် စနက်မီးကို ကမ္ဘာမကြေ သတ်ဖို့ကြံစည် လေတော့သည်။
အတွင်းဝန်များနှင့် တိုင်ပင်ရာရွှေသေတ္တာ (ပစ်စာ)တွင်းမှမောင်တုတ် မိန်းမများများယူပုံ ရမ်းကားပုံများကို တိုင်သောစာနှင့် ခင်ခင်ကြီးနှင့် မောင်ဘုရား ရည်ငံမျှကာ မောင်ဖေငယ်က အောင်သွယ်ပြီး နန်းဝင်ရန်ကြံဆောင်သည်ဟု စာများတွေ့ရပြီး မောင်မောင်တုတ် မောင်ဖေငယ် ဒိုင်းဝန်ကတော်နှင့် ဒိုင်းခင်ခင်တို့ကို အချွေအရံများ နှင့်တကွဖမ်းလိုက်၏။ တခြားစီခွဲထား၏။
ရနောင်မောင်မောင်တုတ်ကိုသတ်စေ အမိန့်ပေးသော်လည်း ကိုယ့်ကိုယ်ကိုယ်သတ် သေသွား၏။ ဒိုင်းဝန်နှင့်ဒိုင်းဝန်ကတော်တို့ကို ကွပ်မျက်လိုက်ကြ၏။
ခင်ခင်ကြီးတွင်သန္ဓေရှိရာမင်း၏သန္ဓေကိုသတ်လျှင်မင်းဆက်ပြတ်တတ်သည်ဟု မသတ်ပဲချူပ်ထား၏။
မောင်ဖေငယ်ကို မိုးကောင်းသို့ ပို့ပေးလိုက်ပြီး သတ်ရန်အမိန့်ထုတ်၏။မိုးကောင်း ရောက်လျှင် မိုးကောင်းဝန်ကမသတ်သေးပဲဆိုင်းထား၏။
ငွေလရောင် မလင်းသော တစ်ခုသော သန်းခေါင်ယံတွင် အနောက်ဆောင် အတွင်းမှ နှောင်ကြိုးကိုချည်ကာ သုသာန်တစပြင်သို့ ဒိုင်းခင်ခင်ကို ခေါ်ထုတ်ကာသွားပါတော့သည်။ ဆီးနှင်းတွေက ဝေဖြာကျ၍ ချမ်းလှပါသော်လည်း ခြုံစရာဆို၍ ဘာမှမရှိလေပြီ။ သုတ်သင်ရာနေရာ ရောက်ပြန်တော့ ဒိုင်းခင်ခင်၏ ဆံကေသာအား အာဏာပါးကွက်သားတို့က တစ်ပတ်နှစ်ပတ် ရစ်ပတ်ကာကိုင်ပြီး လည်တိုင်ကို တုတ်တင်ကာ ရိုက်သတ်လေပြီ။ ဒိုင်းခင်ခင်ကြီးကို ကလေး မွေးဖွားသည့် တိုင်အောင်မစောင့်ဘဲ သတ်လိုက်၏။
သြော့်ခုများတော့ စုဖုရား ရယ်က ရက်စက်တော် မူခဲ့လေပြီ။
မောင်ဖေငယ်ကို ဗန်းမော်ဝန်ကထုတ်ကာ ဗန်းမော်သို့ခေါ်ပြီးသတ်၏။အသတ်ခံရ ချိန်တွင် ဒိုင်းခင်ခင်တယောက် မိဖုရားဖြစ်နေပြီဟု ယူဆနေသည့်မောင်ဖေငယ်သည်-
ချစ်ရသူခင်ခင်ငယ့်-ချီတေးထပ်ကိုရေးကာရဲဝံ့စွာသေပွဲဝင်သွား၏။
မောင်ဖေငယ် စပ်ဆိုထားသည့် တေးထပ် မောင်ဖေငယ် နဲ့ ဒိုင်းခင်ခင်ဆိုရင် မျက်ရည်လေးတော့ အနည်းဆုံးကျ ခဲ့ဖူးမှာပါ။ မောင်ဖေငယ်ရဲ့ လက်ရာလေး ဘယ်လိုရှိသလဲ ဆိုတာကို။
❃ ❃ ❃ ❃ ❃ ❃
ကလေးလို ဘူတုန်းဟေ့လို့၊ မြူပြုံးနေစဉ်၊ ယူကြုံး၍ ပွေ့ချင်တယ်၊ ငွေ့ရွှေရင်လှုံလို့။ ။ နုပါးတော်မွှေးအဆီကို၊ သွေးနီအောင် နမ်းချင်ငဲ့ကိုယ့်။ ။ ရွှေရင်လွှမ်းပြီ့ တပြီကို တမှီအိုတို့။ သီ့ကရီကိုယ်မရို့ပါနှင့်၊ ညိုတို့တို့မျက်နှာ။ ။ သေတတ်ထာ အိုမဟုတ်ပါဘူး၊ ကိုယ်ဆုတ်ဆုတ် ဘာပြုဆိုရှာ။ ။ လိမ်ကော့လို့ ရွံ့မဲ့ဟာရယ်၊ တွန့်တဲ့ကာတယ်မရုန်းပါနှင့်၊ စမ္ပါယ်ကုံးလှသော်မော်၊ ဘုန်းနှင့်ပျော်ပျော်၊ ယနေ့ဖြင့်အချက်ပေါ်ပြီ၊ မရှက်တော်မူနှင့်ကွဲ့လေး။ ။
မောင်ဖေငယ် ထိုတေးထပ်ကို စာဆိုတော် မောင်ဖေငယ် (မောင်မောင်) သည် ဒိုင်းခင်ခင်အား ရည်စူး၍ စပ်သည်။
×××××××××
စိတ်ကူးယဉ် ဒဏ္ဍာရီပုံပြင်များ ဆိုရင်တော့ ယုံချင်မှ ယုံနိုင်ကြပေမယ့် အဲ့ဒီဇာတ်လမ်း ကတော့ ရာဇဝင်မှတ်တမ်းမှာ အထင်အရှားရှိခဲ့ပါတယ်။
မန္တလေး ကိုတခါတခေါက် ရောက်ခဲ့ကြလို့ တောင်သမန်လယ်အင်းကို ရှုမျှော်၍ကြည့်ရင်း သူတို့နှစ်ဦးရဲ့ ဘဝဇာတ်ကြောင်း ပြန်ပြောင်းကာ များတွေးမိရင် လွမ်းသလို ဆွေးသလို စိတ်မျက်ရည် စိုလာရမှာတော့ အမှန်ပါပဲ။
သြော့် အချစ်ကိုပင် အာဏာနဲ့မှ အနိုင်ယူတတ် ကြပါပေတယ်။
Credit-original writter
မြန်မာ့သမိုင်း
ကိုဖြည့်စွက်ရေးသားထားပါသည်။
-Min Naung

Saturday, December 5, 2015

ပဋ္ဌာန်း[ ၂၄ ]ပစ္စည်း မေတ္တာပို့


ဟေတုပစ္စယော
သတ္တဝါအားလုံး မကောင်းသော လောဘ၊ဒေါသ၊မောဟ အကုသိုလ် ဟိတ်တရားတို့ကို ပယ်ရှားနိုင်ကြ၍ ကောင်းမြတ်သော အလောဘ၊အဒေါသ၊အမောဟ ကုသိုလ်ဟိတ်တရားတို့သာ အမြတ်သဖွယ် ကိန်းတည်ကြပြီး ကောင်းမြတ်သော စိတ်၊စေတသိက်၊ရုပ်တရားတို့သာ နိဗ္ဗာန် တိုင်ထိ တိုးတက်ဖြစ်ထွန်းနိုင်ကြပါစေ။
အလောဘ
လောကီအာရုံ ကာမဂုဏ်တို့၌ တက်မက်ခြင်းမရှိ။
အဒေါသ
မခက်ထန် မကြမ်းတမ်းခြင်း၊အမျက်မရှိခြင်း။
အမောဟ { ပညာ }
မတွေဝေခြင်း၊မှားယွင်းသောအယူဝါဒကိုပယ်ခြင်း၊မှန်သောတရားကိုလက်ကိုင်ထားခြင်း။
ဟိတ်{၆}ပါးကြောင့် ဆိုင်ရာ အကျိုးပေးခြင်း
{ရေသောက်မြစ်နှင့်တူ၏}

အာရမ္မဏပစ္စယော
သတ္တဝါအားလုံး မကောင်းသော ရူပါရုံ၊သဒ္ဒါရုံ၊ဂန္ဓာရုံ၊ရသာရုံ၊ဖောဋ္ဌဗ္ဗာရုံ၊ဓမ္မာရုံတို့နှင့် မတွေ့ကြုံကြပဲ ကောင်းမြတ်သော အာရုံတို့နှင့်သာ တွေကြုံကြ၍ ကောင်းမြတ်သော အကျိုးတရားတို့ကိုသာ ခံစားနိုင်ကြပါစေ။
အဓိပတိပစ္စယော
သတ္တဝါအားလုံးတို့၏ သန္တာန်၌၊မထက်မြတ်သော ညံ့သောဆန္ဒ၊ဝီရိယ၊စိတ်၊ပညာတရားတို့
အကြီးအမှူး ဦးစီးဦးဆောင်မပြုကြပဲ ထက်မြတ်သော ကောင်းသော ဆန္ဒ၊ဝီရိယ၊စိတ်၊ပညာတရားတိုသာအကြီးအမှူး ဦးစီးဦးဆောင်ပြုကြလျက် အလွန်အကျူး အထူးကြီးကျယ်မြင့်မြတ်သော အကျိုးတရားတို့သာ ရရှိခံစားနိုင်ကြပါစေ။
အနန္တရပစ္စယော
သတ္တဝါအားလုံး မကောင်းသော စိတ်၊စေတသိက် { နာမ် }တရားတို့် အကြားအလပ်မရှိ ဆက်ကာဆက်ကာ မဖြစ်ကြဘဲ၊ကောင်းမြတ်သော စိတ်၊စေတသိက် {နာမ်}တရားတို့သာ အကြားအလပ်မရှိ ဆက်ကာဆက်ကာ ဖြစ်ပွားနိုင်ကြပါစေ။
သမနန္တရပစ္စယော
သတ္တဝါအားလုံး မကောင်းသော စိတ်၊စေတသိက် {နာမ်}တရားတို့ ကောင်းစွာအကြားအလပ်မရှိ ဆက်ကာဆက်ကာ မဖြစ်ကြဘဲ၊ ကောင်းမြတ်သော စိတ်၊စေတသိက် {နာမ်}
တရားတို့သာအကြားအလပ်မရှိ စဉ်ဆက်မပြတ် ဆက်ကာဆက်ကာ ဖြစ်ပွားနိုင်ကြပါစေ။
သဟဇာတပစ္စယော
သတ္တဝါအားလုံး မကောင်းသော ရုပ် နာမ်တရားများ အတူတကွ မဖြစ်ကြဘဲ
ကောင်းမြတ်သော ရုပ် နာမ်တရားများသာ အတူတကွ ဖြစ်နိုင် ကျေးဇူးပြုနိုင်ကြပါစေ။
အညမညပစ္စယော
သတ္တဝါအားလုံး မကောင်းသော ရုပ် နာမ်တရားများနှင့် အချင်းချင်း ယှဉ်တွဲ၍ အပြန်အလှန် ကျေးဇူးမပြုကြဘဲ ကောင်းမြတ်သော ရုပ် နာမ် တရားများတို့နှင့်သာ အချင်းချင်း ယှဉ်တွဲ၍ အပြန်အလှန် ကျေးဇုပြုမှု့ကို ခံစားနိုင်ကြပါစေ။
နိဿယပစ္စယော
သတ္တဝါအားလုံး မကောင်းသော ရုပ် နာမ်တရားတို့၌ မှီ၍ မဖြစ်ကြဘဲ ကောင်းမြတ်သော ရုပ် နာမ်တရားတို့၌သာ
အမှီပြု၍ ကောင်းကျိုးအမျိုးမျိုးကို ခခံစားနိုင်ကြပါစေ။
ဥပနိဿယပစ္စယော
သတ္တဝါအားလုံး မကောင်းသော ပညတ်၊နာမ်၊ရုပ်တရားတို့နှင့် မကောင်းသော
မိဘ၊မကောင်းသောဆရာ၊မိတ်ဆွေ၊ရာသီဥတု၊နေရာထိုင်ခင်း၊အစားအသောက်တို့၌ အားကြီးသောမှီရာအဖြစ် အမှီမပြုကြဘဲ ကောင်းမြတ်သော ပညတ်၊နာမ်၊ရုပ်တရားများနှင့် ကောင်းမြတ်သော မိဘ၊ဆရာ၊မိတ်ဆွေ၊ရာသီဥတု၊နေရာထိုင်ခင်း၊အစားအသောက်တို့၌သာ အားကြီးသောမှီရာအဖြစ် မှီကြရ၍ ကောင်းကျိုးအမျိးမျိုးတို့ကိုသာ ခံစားရရှိနိုင်ကြပါစေ။
ပုရေဇာတပစ္စယော
သတ္တဝါအားလုံး မကောင်းသော အာရုံ{၅}ပါး၊ရုပ်တရား၊ဝတ္ထုရုပ်တရားများ
ရှေးဦးကြိုတင်မဖြစ်ကြဘဲ ကောင်းမြတ်သော
အာရုံ{၅}ပါး၊ရုပ်တရားများ၊ဝတ္ထုရုပ်တရားများသာ ရှေးဦးကြိုတင်ဖြစ်နှင့်ကြ၍ ကောင်းမြတ်သော ကုသိုလ်တရား၊အကျိုးဝိပါတ်တရားတို့သာ တိုးပွားဖြစ်ထွန်းနိုင်ကြပါစေ။
ပစ္ဆာဇာတပစ္စယော
သတ္တဝါအားလုံးတို့၏ ဖြစ်နှင့်ပြီးသော ရှေးရှေးရုပ်တရားအား၊နောက်နောက်မှဖြစ်သောနာမ်တရားများက ကျေးဇူးပြုရာတွင် မကောင်းသော အကုသိုလ်၊နာမ်တရားတို့၏ ကျေးဇူးပြုမှု့ကိုမခံကြရပဲ ကောင်းမြတ်သော
ကုသိုလ် အဗျာကတ နာမ်တရားတို့၏ ကျေးဇူးပြုမှု့ကိုသာ ခံယူနိုင်ကြပါစေ။
အာသေဝနပစ္စယော
သတ္တဝါအားလုံး မကောင်းသော အကုသိုလ်တရားများ အဖန်တလဲလဲ ထုံခြင်းသဘောဖြင့် ထပ်ကာထပ်ကာ မဖြစ်ပွားကြပဲ ကောင်းမြတ်သော ကုသိုလ်တရား၊ကြိယာအဗျာကတ တရားတို့သာ မဂ်ဖိုလ် နိဗ္ဗာန် တိုင်ထိ အဖန်တလဲလဲ ထုံခြင်းဖြင့် ထပ်ကာထပ်ကာ ဖြစ်ပွားနိုင်ကြပါစေ။

ကမ္မပစ္စယော
သတ္တဝါအားလုံး မကောင်းသော စေတနာကံတရားတို့ကို မပြုလုပ်ဖြစ်ကြပဲ
ကောင်းမြတ်သော စေတနာကံတရားတို့ကိုသာ ပြုလုပ်ဖြစ်ကြ၍
ယခုဘဝ နောင်ဘဝ နိဗ္ဗာန် တိုင်ထိကောင်းကျိုး အဆက်ဆက်တို့ကိုသာ ရရှိခံစားနိုင်ကြပါစေ။
ဝိပါကပစ္စယော
သတ္တဝါအားလုံးကောင်းမြတ်သော အကျိုးတရားတို့ကိုသာ အဆက်မပြတ် ရရှိပိုင်ဆိုင်ကြ၍ ထိုမှတဆင့် ကောင်းမြတ်သော အကျိုးတရား အမျိုးမျိုးတို့ကိုသာ နိဗ္ဗာန်တိုင်ထိ ထပ်ကာထပ်ကာ ရရှိခံစားနိုင်ကြပါစေ။
အာဟာရပစ္စယော
သတ္တဝါအားလုံး ရရှိထားကြသော ရုပ်၊နာမ်
ခန္ဓာကြီးအား မကောင်းသော ရုပ်အဟာရ ဩဇာဓာတ်များ၊မကောင်းသော နာမ်အဟာရဓာတ်များဖြင့် အထောက်အပံမပြုကြဘဲ၊ ကောင်းမြတ်သော ရုပ်၊နာမ် အဟာရဓာတ်တို့ဖြင့်သာ အထောက်အပံ့
ပြုဖြစ်ကြ၍ နိဗ္ဗာန် ကိုလွယ်ကူစွာ မျက်မှောက်ပြုနိုင်ကြပါစေ။
ဣန္ဒြိယပစ္စယော
သတ္တဝါအားလုံး မကောင်းသော ရုပ်၊နာမ်တရားတို့၏ လွှမ်းမိုးအုပ်ချုပ်ချယ်လှယ်မှု့ ကိုမခံကြရပဲ ကောင်းမွန်သော ရုပ်၊နာမ်တရားတို့၏ လွှမ်းမိုးအုပ်ချုပ်ချယ်လှယ်မှု့ကိုသာ နိဗ္ဗာန် တိုင်ထိ ရရှိခံစားနိုင်ကြပါစေ။
ဈာနပစ္စယော
သတ္တဝါအားလုံး မကောင်းသော အကုသိုလ်တရားတို့၌ စူးစူးစိုက်စိုက် အာရုံမပြုဖြစ်ကြဘဲ ကောင်းမြတ်သော
ကုသိုလ်တရားတို့၌သာ စူးစူးစိုက်စိုက်အာရုံပြုဖြစ်ကြ၍ နိဗ္ဗာန် တိုင်ထိ
ကောင်းကျိုးတရားတို့ ရရှိနိုင်ကြပါစေ။
မဂ္ဂပစ္စယော
သတ္တဝါအားလုံး ဒုဂ္ဂတိဘုံသို့ ရောက်ရှိစေတက်သည့် မကောင်းသောအကုသိုလ်မဂ္ဂင်ခရီးလမ်း
ကြောင်းကိုမလျှောက်ဖြစ်ကြဘဲ သုဂတိဘုံ၊နိဗ္ဗာန်ဘုံသို့သာ ရောက်စေနိုင်သော ကောင်းမြတ်သော ကုသိုလ် မဂ္ဂင်လမ်းကြောင်းကိုသာ လျှောက်လှမ်းနိုင်ကြပါစေ။
သမ္ပယုတ္တပစ္စယော
သတ္တဝါအားလုံး မကောင်းသော စိတ်၊စေတသိက်၊နာမ်တရားအချင်းချင်း၊အညီအညွတ် ယှဉ်တွဲပေါင်းစပ်ခြင်းမပြုဘဲ ကောင်မြတ်သော စိတ်၊စေတသိက်၊နာမ်တရားအချင်းချင်းတို့သာ အညီအညွတ် ယှဉ်တွဲပေါင်းစပ်၍ နိဗ္ဗာန်တိုင်ထိ သွားနိုင်ကြပါစေ။
ဝိပ္ပယုတ္တပစ္စယော
သတ္တဝါအားလုံး အချင်းချင်း အညီအညွတ် မယှဉ်တွဲသောအားဖြင့် ရုပ်၊နာမ်တရားတို့
ကျေးဇူးပြုရာ၌ မကောင်းသော ရုပ်၊နာမ်တရားတို့ မယှဉ်တွဲ ကျေးဇူးမပြုဘဲ
ကောင်းမြတ်သော နာမ်တရားတို့က ကောင်းမြတ်သောရုပ်တရားတို့ကို လည်းကောင်း ကောင်းမြတ်သော ရုပ်တရားတို့က ကောင်းမြတ်သော နာမ်တရားတို့ကိုလည်းကောင်း ကျေးဇူးပြုနိုင်ကြ၍ နိဗ္ဗာန် တိုင်ထိ ကောင်းကျိုးအမျိုးမျိုးတို့ကိုသာ ရရှိခံစားနိုင်ကြပါစေ။
အတ္ထိပစ္စယော
သတ္တဝါအားလုံး မကောင်းသော ရုပ်၊နာမ် တရားတို့ ထင်ရှားစွာမဖြစ်ပေါ်ကြဘဲ ကောင်းသော ရုပ်၊နာမ် တရားတို့သာ ထင်ရှားစွာဖြစ်ပေါ်ကြ၍ ကောင်းကျိုးအမျိုးမျိုးတို့သာ နိဗ္ဗာန် တိုင်ထိ
တိုးတက်ဖြစ်ထွန်းနိုင်ကြပါစေ။
နတ္ထိပစ္စယော
သတ္တဝါအားလုံး မကောင်းသော နာမ်တရားတို့ ချုပ်ငြိမ်းသွားခြင်း မရှိတော့ခြင်းဖြင့် ကောင်းသောနာမ်တရားတို့သာ နိဗ္ဗာန် တိုင်ထိ အစားထိုးကာ ဆက်လက်ဖြစ်ပွားနိုင်ကြပါစေ။
ဝိဂတပစ္စယော
သတ္တဝါအားလုံး မကောင်းသော နာမ်တရားတို့ ကင်းစင်သွားခြင်း၊ မရှိတော့ခြင်းဖြင့်
ကောင်းသော နာမ်တရားတို့သာ နိဗ္ဗာန်
တိုင်ထိ အစားထိုးကာ ဆက်လက် ဖြစ်ပွားနိုင်ကြပါစေ။
အဝိဂတပစ္စယော
သတ္တဝါအားလုံး မကောင်းသောရုပ် ၊နာမ်တရားတို့ မကောင်းသောအားဖြင့် မဖြစ်ပေါ်ကြဘဲ၊ကောင်းသော နာမ်တရားတို့သာ ကင်းကွာသောအားဖြင့်
ဖြစ်ပေါ်ကြ၍ ကောင်းကျိုး အမျိုးမျိုးတို့သာ
နိဗ္ဗာန် တိုင်ထိ တိုးတက်ဖြစ်ထွန်းနိုင်ကြပါစေ။

ဖိုလ်ဝင်တောင် သမိုင်းကြောင်း


ဖိုလ်ဝင်တောင်ကို မြန်မာသက္ကရာဇ် ၄၁၁ တွင်တည်ခဲ့ပါတယ်၊
ဖိုလ်ဝင်တောင်ပါ၊ မုံရွာတစ်ဘက်ကမ်း၊ ယင်းမာပင်သွားတဲ့လမ်းပေါ်မှာပါ

နေ့ချင်းပြန်သွားလို့ရပါသည်။ ကျောက်တောင်အမျိုးအစားဖြစ်ပါသည်။
ယခုချိန်တွင်နှစ်ပေါင်း ၉၀၀ ကျော်ခဲ့ပြီဖြစ်သော ရှေးဟောင်းသမိုင်းဝင် တောင် ဖြစ်ပါသည်။
ဘုရားဆင်းတုရုပ်ပွားတော်ပေါင်း လေးသောင်းကျော်ရှိပါတယ်။
စိတ်ဝင်စားစရာ ဖြစ်ရပ်များလည်းရှိပါတယ်။ ဖိုလ်ဝင်းတောင် ဘုရားစေတီများ အတွင်းတွင်
ရှေးလက်ရာ နံရံဆေးရေး ပန်းချီများ၊
ပန်းပု လက်ရာများအပြင် သစ်သား တံခါးများ တွင်လည်း ရှေးလက်ရာ
ပန်းပုများကို အလှဆင်၍ ချယ်မှုန်း ထုလုပ် ထားသည်ကို တွေ့ရှိ နိုင်ပါသည်။
ယင်းမာပင် မြို့နှင့် (၇)မိုင် ခန့်အကွာတွင် တည်ရှိ ပါသည်။
ရှေးဟောင်းသမိုင်းစိတ်ဝင်စားသူများ၊မရောက်ဖူးသေး
သူများသွားရောက်လေ့လာဖို့တိုက်တွန်းလိုပါတယ်။
ထူးခြားတာတစ်ခုကတော့တောင်ပေါ်တက်၍ဘုရားများဖူးနေစဉ်
မောပန်းခြင်း-ညောင်းညာခြင်းလုံးဝမရှိပါဘူး။
ပွဲတော်ရက်မဟုတ်ပါကလူမရှိသလောက်ရှင်းပါတယ်
၊တောင်ပေါ်မှာမျောက်များ ၄ အုပ်စုရှိပါသည်
သူ့အုပ်စုသူ့နေရာနှင့်သီးခြားနေထိုင်ကြပါသည်။
အလွန်သနားစရာကောင်းတာကိုတွေ့မြင်ခဲ့ရပါသည်။
ကျောက်တောင်ဖြစ်ခြင်းကြောင့်ရေရှားပါး၍
မျောက်တွေဟာလူအရောက်နည်းပြီးအစာရှားပါးတာကြောင့်မြေကို
တူးဆွ၍မြေဆီစားပြီး အသက်ရှင်နေထိုင်ကြပါသည်။
ရေရှားပါး၍သာက်ရေကိုကန်များတည်ပြီး
တောင်အောက်မှရေအထမ်းနှင့်ထမ်း၍တင်ပေးရပါတယ်။
ရေတစ်ထမ်းကို ၂၀၀ကျပ်နှုန်း၊တစ်စည်ကို ၅၀၀ကျပ်နှုန်းဖြင့်လှူဒါန်းနိုင်ပါသည်။
ဖိုးဝန်းတောင်၏ ထူးခြားချက်မှာ ဖိုလ်ဝင်တောင် ဘုရားပွဲကာလ အတွင်း မျောက်များ လုံးဝ
ပျောက်ကွယ် သွားတတ်ခြင်း ဖြစ်ပြီး ဘုရားပွဲ ပြီးလျှင် ပြန်ပေါ်လာ တတ်ခြင်း ဖြစ်ပါသည်၊ "ဖိုလ်ဝင်းတောင်ရှင်မ" က ဖွက်ထားသည် ဟု ဒေသခံ များက ယူဆ ယုံကြည် ကြပါသည်။
ဖိုလ်ဝင်တောင် ဘုရား ပွဲတော်ကို နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၈)ရက်မှ
လပြည့်နေ့အထိ စည်ကား သိုက်မြိုက်စွား ကျင်းပပါသည်။
ဗုဒ္ဓဘာသာအမျိုးသမီးများအတွက်ဝမ်းမြောက်စရာတစ်ခုကတော့
ဘုရားကို-ကိုယ်တိုင်ကိုယ်ကျ ရွှေသင်္ကန်းကပ်လှူနိုင်ခြင်းပင်ဖြစ်ပါသည်။
မြန်မာတို့၏ယဉ်ကျေးမှု ပုံရိပ်များမှ ပြန်လည်မျှဝေသည်။